Hosea 4
4:1 အို ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မှုရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
4:2 ကျိန်ဆဲခြင်း၊ မုသားစကားကို ပြောခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
4:3 ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည်သားအပေါင်းတို့နှင့် တကွ၊ တောသားရဲ၊ မိုးကောင်းကင်ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း ကုန်ကြလိမ့်မည်။
4:4 သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင်ဘက်ပြုသောသူကဲ့သို့ ဖြစ်ကြ၏။
4:5 ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညအချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
4:6 ငါ့လူတို့သည် ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင့်တရားကို သင်မေ့လျော့သောကြောင့်၊ သင်၏သားသမီးတို့ကို ငါမေ့လျော့မည်။
4:7 သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကိုပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ဘုန်းကို ငါအရှက်ကွဲစေမည်။
4:8 ငါ့လူတို့၏ အပြစ်ဖြေရာယဇ်တို့ကို စားလျက်နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။
4:9 ထိုကြောင့်၊ လူတို့၌ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ်၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီးအသီး ပြုမူသမျှအတိုင်း အကျိုးအပြစ်ကို ပေးမည်။
4:10 သူတို့သည် စား၍မဝရကြ။ မတရားသော မေထုန်ကိုပြု၍ သားသမီးကို မဖွားမြင်ရကြ။
4:11 အကြောင်းမူကား စိတ်နှလုံးကို ယစ်မူးစေတတ်သော ကာမဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည်သေရက်ကို သောက်ခြင်း၌ မှီဝဲသောကြောင့် ထာဝရဘုရားကို စွန့်ပစ်ကြပြီ။
4:12 ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝှေးသည် အကြံပေးတတ်၏။ ကိလေသာစိတ်အားကြီးသောကြောင့်၊ သူတို့သည်လမ်းလွှဲ၍ မိမိတို့ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။
4:13 တောင်ထိပ်ပေါ်၊ ကုန်းပေါ်မှာလည်းကောင်း အရိပ်ကောင်းသော သပိတ်ပင်မျိုး၊ လိဗနာပင် အောက်မှာလည်းကောင်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
4:14 သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ်မယားကိုစွန့်ပစ်၍ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်တတ်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍ ပညာမရှိသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။
4:15 အို ဣသရေလအမျိုး၊ သင်သည် ပြည့်တန်ဆာလုပ်သော်လည်း၊ ယုဒအမျိုးကို မမှားယွင်းပါစေနှင့်။ ဂိလဂါလမြို့သို့ မချဉ်းကပ်ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
4:16 ဣသရေလအမျိုးသည် ရုန်းတတ်သောနွားမပျိုကဲ့သို့ ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာ ထာဝရဘုရားသည် ကျယ်သောအရပ်၌ သိုးသငယ်ကို ထိန်းသကဲ့သို့၊ ဣသရေလအမျိုးကို ပြုတော်မူမည်။
4:17 ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
4:18 သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ် မတရားသောမေထုန်ကိုပြုကြပြီ။ ရှက်ဖွယ်သောအမှုကို တပ်မက်ကြပြီ။
4:19 လေသည် မိမိအတောင်တို့နှင့်တိုက်၍ ပါသွားမည်။ သူတို့သည် မိမိတို့ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည်။