Hosea 5
5:1 အို ယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည် စစ်ကြောစီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည် မိဇပါတောင်ပေါ်မှာ ကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာ ထောင်သောပိုက်ဖြစ်ကြပြီ။
5:2 ယဇ်ကောင်တို့ကို သတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ၏။ ထိုကြောင့်၊ ငါသည် ထိုသူအပေါင်းတို့၌ အပြစ်ဒဏ်ပေးမည်။
5:3 ဧဖရိမ်ကိုငါသိ၏။ ဣသရေလသည်လည်း ငါ့ရှေ့မှ ပုန်းရှောင်၍မနေနိုင်။ ယခုပင် အို ဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
5:4 သူတို့သည် ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့်ထံတော်သို့ ပြန်၍မလာနိုင်ကြ။ မှားယွင်းသောသဘော စွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကို မသိကြ။
5:5 ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့အပြစ်၌လဲ၍၊ သူတို့နှင့်အတူ ယုဒအမျိုးသည်လည်း လဲလိမ့်မည်။
5:6 သိုးစုနွားစုပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှာ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။
5:7 သူတို့သည် ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့ကို ဖွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့် သူတို့ဥစ္စာသည် ပျက်စီးလိမ့်မည်။
5:8 ဂိဗာမြို့၌ နှဲခရာကိုလည်းကောင်း၊ ရာမမြို့၌ တံပိုးကိုလည်းကောင်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အို ဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။
5:9 ဣသရေလအမျိုးအနွယ်တို့ကို ဆုံးမသတိပေးသောနေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတ္တံ့သောအမှုကို ငါဖော်ပြ၏။
5:10 ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သောသူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။
5:11 ဧဖရိမ်သည် ညှဉ်းဆဲခြင်းကိုခံရ၏။ တရားစီရင်ခြင်းနှင့် တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။
5:12 ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သောအနာကဲ့သို့ ဖြစ်မည်။
5:13 ဧဖရိမ်သည် မိမိအပေါက်တို့ကိုလည်းကောင်း၊ ယုဒသည် မိမိအနာကိုလည်းကောင်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှုရိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါက်ကို မဖာနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။
5:14 အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနုတ်ရ။
5:15 သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာကို မရှာမီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား၍ ရှာကြလိမ့်မည်။