Hosea 7
7:1 ဣသရေလ၏အနာကို ပျောက်စေခြင်းငှာ ငါပြုသောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှမာရိပြုသော အဓမ္မအမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ဓားပြအလုံးအရင်းတို့သည် တိုက်တတ်ကြ၏။
7:2 သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည်ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင် ထိုအမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
7:3 ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကိုလည်းကောင်း၊ မုသားစကားအားဖြင့် မင်းများကိုလည်းကောင်း ဝမ်းမြောက်စေကြ၏။
7:4 ထိုသူအပေါင်းတို့သည် မတရားသော မေထုန်ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖောင်းကြွမီတိုင်အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
7:5 ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင်ပြုသော သူတို့ကို လက်ခံတတ်၏။
7:6 အကယ်စင်စစ် သူတို့သည် ချောင်း၍ကြည့်လျက် နေကြစဉ် မိမိတို့နှလုံးကို မီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သောမီးကဲ့သို့ လောင်လျက်ရှိ၏။
7:7 ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင်အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သောသူ တစ်ယောက်မျှမရှိ။
7:8 ဧဖရိမ်သည် တစ်ပါးအမျိုးသားတို့နှင့် ပေါင်းဖော်ရောနှောလျက်ရှိ၏။ တစ်မျက်နှာသာဖုတ်၍ မလှန်သောမုန့်ပြားဖြစ်၏။
7:9 သူမသိမမှတ်ဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်းပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။
7:10 ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ်ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မလာကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
7:11 ဧဖရိမ်သည် ဉာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေးတတ်၏။
7:12 သွားလေရာရာတွင် ငါ့ပိုက်နှင့် သူတို့ကို ငါအုပ်မိမည်။ မိုးကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိမ့်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်း ငါဆုံးမမည်။
7:13 သူတို့သည် ငါ့ထံမှထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီးဖို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနုတ်သော်လည်း၊ ငါ့တစ်ဖက်၌ မုသားစကားကို ပြောကြ၏။
7:14 သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော်လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကိုရခြင်းငှာ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
7:15 ငါသည် ဆုံးမသော်လည်းကောင်း၊ သူတို့ကို ခိုင်ခံ့စေသော်လည်းကောင်း၊ ငါ့တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ကြ၏။
7:16 အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ဓားဖြင့်သေ၍ အဲဂုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့်မည်။