Hosea 6
6:1 လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။
6:2 နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
6:3 ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
6:4 အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။
6:5 ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။
6:6 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။
6:7 သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
6:8 ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
6:9 ဓားပြအလုံးအရင်းသည် ခရီးသွားသောသူကို ချောင်း၍ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်းအသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက်ကို သတ်တတ်ကြ၏။
6:10 အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဖွယ်သောအမှုကို ဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်းတတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
6:11 ထိုမှတစ်ပါး၊ အို ယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါးရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။