Joel 2
2:1 ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သား အပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
2:2 မိုက်မဲသောနေ့၊ မိုးအုံ့၍ မှောင်မိုက်ထူထပ်သော နေ့ဖြစ်၏။ နေအရုဏ်သည် တောင်ထိပ်တို့ကို နှံ့ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသောအမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတ္တံ့။
2:3 သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်းသော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
2:4 သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။
2:5 ရထားမြည်သံ ကဲ့သို့လည်းကောင်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့လည်းကောင်းအသံမြည်၍ တောင်ထိပ်တို့အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာ ခင်းကျင်း၍ အားကြီးသောလူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
2:6 သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသောစိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြလိမ့်မည်။
2:7 သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။
2:8 တစ်ဦးကိုတစ်ဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက်ကြလိမ့်မည်။ ဓားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။
2:9 မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြူတင်းပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။
2:10 သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုးကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့် လသည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
2:11 ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည်အလွန်ကြီးမား၏။ စကားတော်အတိုင်း စီရင်သောသူသည် တန်ခိုးကြီးတော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန်ကြောက်မက်ဖွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင်သနည်း။
2:12 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
2:13 အဝတ်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန် ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏။
2:14 သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည် မမူမည်ကို အဘယ်သူသိနိုင်သနည်း။
2:15 ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။
2:16 လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သောသူတို့ကိုလည်းကောင်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာတွင်းကလည်းကောင်း ထွက်စေ။
2:17 ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အို ထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တစ်ပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှာ အပ်နှံတော်မမူပါနှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါသနည်းဟု လျှောက်ကြစေ။
2:18 သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနားတော်မူလိမ့်မည်။
2:19 အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူလျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တစ်ဖန် တစ်ပါးအမျိုးသား ကဲ့ရဲ့ရာဖြစ်စေခြင်းငှာ ငါမပြု။
2:20 မြောက်မျက်နှာ တပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှ မရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြုလျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့်မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
2:21 အို ပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
2:22 အို တောသားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက်ပင် ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကိုသီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ်လျက် ရှိကြ၏။
2:23 အို ဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုးနှင့် နောက်မိုးကို သင်တို့အပေါ်မှာ ရွာစေတော်မူမည်။
2:24 ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့် ဆီ လျှံကြလိမ့်မည်။
2:25 အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏မဟာဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေးမည်။
2:26 သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩဖွယ်သော အမှုတို့ကို သင်တို့၌ပြုသော သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တစ်ဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
2:27 ငါသည် ဣသရေလအမျိုး၏အလယ်၌ ရှိကြောင်းကိုလည်းကောင်း၊ အခြားသောဘုရား မရှိ၊ ငါထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း သင်တို့ သိရကြလိမ့်မည်။ နောက်တစ်ဖန် ငါ၏လူတို့သည် ရှက်ကြောက်ခြင်း မရှိရကြ။
2:28 ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
2:29 ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
2:30 မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။
2:31 ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
2:32 ထိုအခါ ထာဝရဘုရားကို ပတ္ထနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့် ရှိရလတ္တံ့။