Joel 3
3:1 ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊
3:2 ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေသော ငါ၏အမွေလူဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
3:3 သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။
3:4 အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ်သောအရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ပြုကြလျှင်၊ ထိုရန်ကို သင်တို့ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။
3:5 သင်တို့သည် ငါ့ရွှေငွေကိုယူ၍၊ ငါနှစ်သက်ဖွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်လည်းကောင်း၊
3:6 ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကိုနေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှာ၊ ဟေလသအမျိုးသားတို့အား ရောင်းလိုက်သောကြောင့်လည်းကောင်း၊
3:7 သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည်ထမြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
3:8 သင်တို့ သားသမီးများကိုလည်း ယုဒအမျိုးသားတို့၌ငါရောင်း၍၊ သူတို့သည် တစ်ဖန်ဝေးသောအမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။
3:9 ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
3:10 သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။
3:11 ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူမည်။
3:12 တစ်ပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
3:13 ရိတ်စရာစပါး မှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ်သည် ကြီးလှ၏။
3:14 ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက် ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။
3:15 နေနှင့် လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
3:16 ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။
3:17 ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ နေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တစ်ဖန် ထိုမြို့ကို တစ်ပါးအမျိုးသား မနင်းရ။
3:18 ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။
3:19 ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။
3:20 ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
3:21 ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တစ်ဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။ ပရောဖက်ယောလ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။