Leviticus 14
14:1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသောတရားဟူမူကား၊
14:3 ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသောအခါ၊ နူနာပျောက်သည်မှန်လျှင်၊
14:4 စင်ကြယ်စေခြင်းကိုခံရသော ထိုသူအဖို့၊ အသက်ရှင်၍စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊
14:5 စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တစ်ကောင်ကိုသတ်စေပြီးမှ၊
14:6 အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသောရေ၌ နှစ်ပြီးလျှင်၊
14:7 နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။
14:8 စင်ကြယ်စေရသောသူသည် မိမိအဝတ်ကိုလျှော်၍၊ မိမိဆံပင်ကို အကုန်အစင်ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှာ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
14:9 သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုံးမွေးအစရှိသော ကိုယ်မွေးရှိသမျှကိုရိတ်၍၊ မိမိအဝတ်ကိုလျှော်ပြီးမှ၊ ရေချိုး၍စင်ကြယ်ရ၏။
14:10 အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊
14:11 စင်ကြယ်စေသောယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သောလူကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သကာနှင့်တကွ ဆက်ရမည်။
14:12 သိုးသငယ်အထီးတစ်ကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သကာဖို့ ဆီတစ်လောဃနှင့်တကွ ချီလွှဲရမည်။
14:13 ထိုသိုးသငယ်ကို အပြစ်ဖြေရာယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ်ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
14:14 ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းထည့်ရမည်။
14:15 ဆီအချို့ကိုလည်းယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊
14:16 ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့်တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
14:17 မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
14:18 မိမိလက်၌ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုသူအဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
14:19 ထိုမှတစ်ပါး၊ စင်ကြယ်စေရသောသူအဖို့ အပြစ်ဖြေခြင်းငှာ၊ အပြစ်ဖြေရာယဇ်ကိုပူဇော်၍၊ နောက်တစ်ဖန် မီးရှို့ရာယဇ်ကောင်ကိုသတ်ရမည်။
14:20 မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဖို့ အပြစ်ဖြေခြင်းကိုပြု၍ သူသည်သန့်ရှင်းရ၏။
14:21 ထိုသူသည်ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကိုပြုစရာဖို့၊ ဒုစရိုက်ဖြေရာယဇ် သိုးသငယ်တစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့ ဆီရောသောမုန့်ညက်တစ်ဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်း၊
14:22 တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကိုလည်းကောင်းယူ၍၊
14:23 မိမိစင်ကြယ်ခြင်းအလိုငှာ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ဆောင်ခဲ့ပြီးမှ၊
14:24 ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့် ဆီတစ်လောဃကိုယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲရာ၊ ပူဇော်သကာဖို့ ချီလွှဲရမည်။
14:25 ထိုသိုးသငယ်ကိုသတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်း ထည့်ရမည်။
14:26 ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊
14:27 ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
14:28 မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
14:29 မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းပေါ်မှာလောင်း၍၊ သူ့အဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
14:30 ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊
14:31 အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်ပူဇော်လျက်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
14:32 ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေခြင်းငှာ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
14:33 ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
14:34 သင်တို့ပိုင်ထိုက်ရာ၊ ငါပေးသောခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာထိုပြည်တွင် အိမ်တစ်စုံတစ်ခု၌ နူနာကိုငါစွဲစေလျှင်လည်းကောင်း၊
14:35 အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်လည်းကောင်း၊
14:36 ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာကိုအကြည့်အရှုမဝင်မီ၊ ရှိသမျှကိုထုတ်စေခြင်းငှာ စီရင်ရမည်။ ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုအိမ်ကိုအကြည့်အရှုဝင်၍၊
14:37 အနာကိုကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊
14:38 အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
14:39 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
14:40 အနာစွဲသော ကျောက်တို့ကိုနုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှာ ယဇ်ပုရောဟိတ်စီရင်၍၊
14:41 ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။
14:42 အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။
14:43 ထိုသို့ ကျောက်ကိုနုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တစ်ဖန်အနာစွဲပြန်လျှင်၊
14:44 ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွားသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။
14:45 ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ ယူသွားရမည်။
14:46 ထိုမှတစ်ပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ဝင်မိသောသူသည်၊ ညဥ့်ဦးတိုင်အောင်မစင်ကြယ်။
14:47 ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။
14:48 ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွားလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။
14:49 ထိုအိမ်ကိုစင်ကြယ်စေခြင်းငှာ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊
14:50 စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တစ်ကောင်ကိုသတ်ပြီးမှ၊
14:51 အာရဇ်သစ်သား၊ ဟုဿုပ်ပင်ညွန့်၊ နီသောကြိုး၊ အသက်ရှင်သောငှက်ကိုယူ၍ ငှက်သွေးရောသော ရေ၌နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
14:52 ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊
14:53 အသက်ရှင်သောငှက်ကို မြို့ပြင်ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဖို့၊ အပြစ်ဖြေခြင်းကိုပြုလျှင်၊ စင်ကြယ်ခြင်းရှိလိမ့်မည်။
14:54 ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍သိစေခြင်းငှာ၊ ဗောက်နူနာအစရှိသောနူနာအမျိုးမျိုး၊ အဝတ်၌စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖု ၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။