Leviticus 17
17:1 တစ်ဖန် မောရှေအားထာဝရဘုရားက၊
17:2 သင်သည် အာရုန်နှင့်သူ၏သား၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
17:3 ဣသရေလအမျိုးသား တစ်စုံတစ်ယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊
17:4 ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
17:5 ဣသရေလအမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်စေခြင်းငှာ ထိုသို့စီရင်ရသတည်း။
17:6 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ဖျန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဖို့မီးရှို့ရမည်။
17:7 သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တစ်ဖန် နတ်ဆိုးတို့အားယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော် ဖြစ်သတည်း။
17:8 ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစ်စုံတစ်ခုကို ပူဇော်သောအခါ၊
17:9 ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ၊ ပရိသတ်စည်းဝေးရာတံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု သူတို့အားဆင့်ဆိုရမည်။
17:10 ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားတစ်စုံတစ်ယောက်သည်၊ အသွေးတစ်မျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။
17:11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။
17:12 ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တစ်ပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
17:13 ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
17:14 အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသောကိုယ်ခန္ဓာ၏အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။
17:15 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၏အသားကို စားသောကိုယ်အမျိုးသား၊ တစ်ပါးအမျိုးသားမည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
17:16 အဝတ်ကိုမလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကိုကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော်မူ၏။