Leviticus 16
16:1 အာရုန်၏သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
16:2 သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာတင်သောအဖုံးကို ကွယ်ကာသော ကုလားကာအတွင်းသို့ အခါခပ်သိမ်းမဝင်စေခြင်းငှာ ဆင့်ဆိုလော့။ ငါသည် သေတ္တာဖုံးအပေါ်၊ မိုးတိမ်၌ထင်ရှားမည်။
16:3 အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးထီးတစ်ကောင်ပါရမည်။
16:4 သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။
16:5 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးတစ်ကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ်လက်မှ ခံယူရမည်။
16:6 အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကိုပူဇော်၍၊ မိမိအဖို့နှင့် မိမိအိမ်သူများအဖို့ အပြစ်ဖြေခြင်းကိုပြုရမည်။
16:7 ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။
16:8 အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဖို့ စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဖို့တစ်တံ၊ စာရေးတံနှစ်တံချ၍၊
16:9 ထာဝရဘုရားအဖို့ စာရေးတံကျသောဆိတ်ကိုဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။
16:10 လွတ်လပ်လဟာအဖို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။
16:11 အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဖို့နှင့် မိမိအိမ်သူအိမ်သားများအဖို့ အပြစ်ဖြေခြင်းကိုပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။
16:12 ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်မီးခဲနှင့် ပြည့်သော လင်ပန်းကိုကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။
16:13 ထိုအခါသူသည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။
16:14 နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့်ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖျန်းရမည်။
16:15 ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖျန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း ဖျန်းရမည်။
16:16 ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်လည်းကောင်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ သန့်ရှင်းရာဌာနတော်အဖို့ အပြစ်ဖြေခြင်းကိုပြုရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော်အဖို့ ပြုရမည်။
16:17 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ ဝင်သောအခါ၊ မိမိအဖို့၊ မိမိအိမ်သူအိမ်သားများအဖို့၊ ဣသရေလပရိသတ်အပေါင်းတို့အဖို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မီတိုင်အောင်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲမှာ အဘယ်သူမျှမနေရ။
16:18 နောက်တစ်ဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင်အဖို့ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ထည့်ရမည်။
16:19 ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။
16:20 ထိုသို့ သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။
16:21 အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။
16:22 သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။
16:23 တစ်ဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သောပိတ်ချောအဝတ်ကိုချွတ်၍ ထိုအရပ်၌ထားရမည်။
16:24 သန့်ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကိုဝတ်ပြီးမှ တစ်ဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ မိမိအဖို့နှင့် လူများအဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။
16:25 အပြစ်ဖြေရာယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
16:26 လွတ်လပ်လဟာသို့ ဆိတ်ကိုလွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။
16:27 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဆိတ်ကိုလည်းကောင်း၊ တပ်ပြင်သို့ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။
16:28 မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။
16:29 သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာကျင့်လျက်နေရကြမည်။
16:30 အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှာ၊ အပြစ်ဖြေခြင်းကိုပြုရမည်။
16:31 ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်သတည်း။
16:32 အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့်တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကိုပြုရမည်။ ထိုယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကိုဝတ်၍၊
16:33 သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ ယဇ်ပုရောဟိတ်များအဖို့၊ ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။
16:34 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တစ်နှစ်တစ်ခါ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။