Leviticus 20
20:1 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
20:2 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။
20:3 ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသောနာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။
20:4 မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ပြည်သားတို့သည် အမှုမထား၊ မသတ်ဘဲနေလျှင်၊
20:5 ထိုသို့နေသောသူနှင့် သူ၏အိမ်သူအိမ်သားတို့ကို ငါသည်မျက်နှာထား၍ ထိုသူကိုလည်းကောင်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၌ မှားယွင်းသောသူကိုလည်းကောင်း၊ သူတို့အမျိုးမှပယ်ရှင်းမည်။
20:6 လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။
20:7 သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
20:8 ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။
20:9 မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။
20:10 သူ့မယားကိုပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကိုအမှန်ခံရမည်။
20:11 ကိုယ်အဘ၏မယားနှင့် သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
20:12 ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဖွယ်သောရောနှောခြင်းကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
20:13 မိန်းမနှင့်ပေါင်းဖော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဖော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဖွယ်သောအမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
20:14 ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသောအမှုမရှိစေခြင်းငှာ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
20:15 ယောက်ျားသည် တိရစ္ဆာန်နှင့်ပေါင်းဖော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။
20:16 မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
20:17 ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။
20:18 ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့် သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။
20:19 အဘ၏နှမ၊ အမိ၏ညီမနှင့် မသင့်မနေရ။ ထိုသို့သောပေါက်ဖော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကိုခံရကြမည်။
20:20 အဘ၏ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ညီအစ်ကိုနှင့်သာ ဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တစ်သက်လုံး သားမရဘဲနေရလိမ့်မည်။
20:21 ညီအစ်ကို၏မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
20:22 သင်တို့ကိုငါပို့ဆောင်၍ နေရာချသောပြည်သည် မအော့အန်စေခြင်းငှာ၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
20:23 သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့မလိုက်ရ။ သူတို့သည် ထိုသို့သောအမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
20:24 သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသောအမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
20:25 ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ်သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်တစ်စုံတစ်ခုအားဖြင့် ကိုယ်ကိုကိုယ်ရွံရှာဖွယ်မဖြစ်စေရ။
20:26 ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကိုငါအလိုရှိသဖြင့်၊ အခြားသောအမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဖို့သန့်ရှင်းခြင်းရှိရကြမည်။
20:27 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။