Leviticus 21
21:1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
21:2 သို့ရာတွင် ပေါက်ဖော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊
21:3 လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသောအခွင့်ရှိ၏။
21:4 အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
21:5 ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။
21:6 သူသည် မိမိဘုရားသခင်အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။
21:7 သူသည်ပြည့်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဖက်ရ။ မိမိဘုရားသခင်အဖို့ သန့်ရှင်း၏။
21:8 သင်၏ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဖို့သန့်ရှင်းရမည်။ သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။
21:9 ယဇ်ပုရောဟိတ်သမီးသည်၊ ပြည့်တန်ဆာလုပ်၍ ကိုယ်ကိုကိုယ် ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကို မီးရှို့ရမည်။
21:10 မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်းဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကိုမချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။
21:11 အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကိုမခံရ။
21:12 သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏။
21:13 ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာ စုံဖက်ရမည်။
21:14 မုဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည့်တန်ဆာမိန်းမနှင့် မစုံဖက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဖက်ရမည်။
21:15 မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟုမိန့်တော်မူ၏။
21:16 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊
21:17 သင်၏အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ပွဲတော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။
21:18 မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊
21:19 လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
21:20 ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။
21:21 ယဇ်ပုရောဟိတ်အာရုန်အမျိုးတွင်၊ ကိုယ်၌အပြစ်ပါသောသူ တစ်စုံတစ်ယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ကိုယ်၌အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏မုန့်တော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။
21:22 သန့်ရှင်းသောမုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသောမုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကိုစားရမည်။
21:23 ကိုယ်၌အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာအတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
21:24 မောရှေသည် အာရုန်နှင့်သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။