Leviticus 22
22:1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
22:2 အာရုန်နှင့် သူ၏သားတို့သည် ငါ့အဖို့သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏နာမတော်ကိုမရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအရာများနှင့် ကိုယ်ကိုကိုယ်ကွာစေရမည်အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
22:3 ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
22:4 နူနာ၊ ရိနာစွဲသော အာရုန်၏အမျိုးသားမည်သည်ကား၊ မစင်ကြယ်မီတိုင်အောင် သန့်ရှင်းသောအရာကိုမစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုက်ရည်ထွက်သောသူ၊
22:5 ညစ်ညူးစေ၍ တွားတတ်သောတိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစ်စုံတစ်ခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသောသူတို့သည်၊
22:6 ညဥ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကိုရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
22:7 နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှစားရကြမည်။
22:8 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
22:9 ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကိုဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကိုစောင့်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေ၏။
22:10 တစ်ပါးအမျိုးသားသည် သန့်ရှင်းသောအရာကိုမစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှားလည်းမစားရ။
22:11 ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။
22:12 ယဇ်ပုရောဟိတ်သမီးသည် တစ်ပါးအမျိုးသား၏မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သကာအရာကို မစားရ။
22:13 သို့ရာတွင် လင်သေသော်လည်းကောင်း၊ လင်နှင့်ကွာသော်လည်းကောင်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ်အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တစ်ပါးအမျိုးသားမစားရ။
22:14 လူသည်သန့်ရှင်းသောအရာကို မသိဘဲစားမိလျှင်၊ စားမိသောအရာ၏ အဖိုးနှင့်တကွ ငါးစုတစ်စုကိုထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။
22:15 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
22:16 ထိုအရာတို့ကိုစားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
22:17 တစ်ဖန် မောရှေအားထာဝရဘုရားက သင်သည် အာရုန်နှင့်သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊
22:18 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊
22:19 စိတ်တော်နှင့်တွေ့ခြင်းငှာ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။
22:20 အပြစ်ပါသောအကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
22:21 သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအားယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှာစုံလင်ရမည်။ အပြစ်တစ်စုံတစ်ခုမျှ မရှိရ။
22:22 မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ် တစ်စုံတစ်ခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာထာဝရဘုရားအား မီးဖြင့်ပူဇော်သကာမပြုရ။
22:23 သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်းအပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သကာဖို့ပူဇော်ရမည်။ သစ္စာကတိနှင့်ဆိုင်၍ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
22:24 ကြိတ်နယ်စုတ်ပြတ်ရာ အနာရှိသောအထီးကို ထာဝရဘုရားအားမပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သကာမပြုရ။
22:25 ထိုသို့သောအကောင်ကို တစ်ပါးအမျိုးသားဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ဘုရားသခင့်ပွဲတော်ဖို့ မပူဇော်ရ။ ပူဇော်လျှင်စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
22:26 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
22:27 သိုး၊ ဆိတ်၊ နွားတို့သည်မွေးဖွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာဖို့တော်သင့်၏။
22:28 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တစ်နေ့ချင်းတွင်မသတ်ရ။
22:29 ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှာ ပူဇော်လော့။ တစ်နေ့ချင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
22:30 သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
22:31 သန့်ရှင်းသောငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားသန့်ရှင်းတော်မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။
22:32 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။