Leviticus 6
6:1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
6:2 တစ်စုံတစ်ယောက်သောသူသည် သူတစ်ပါးအပ်နှံသောဥစ္စာအတွက် ပေါင်ထားသောဥစ္စာအတွက်၊ မိမိနှင့်စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်လည်းကောင်း၊ သူ့ဥစ္စာကို အနိုင်အထက်ယူသော်လည်းကောင်း၊ မိမိနှင့်စပ်ဆိုင်သောသူကို လှည့်စားသော်လည်းကောင်း၊
6:3 ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသားစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်လည်းကောင်း၊ ထိုသို့သော ဒုစရိုက်တစ်စုံတစ်ခုကိုပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
6:4 ထိုသူသည် ပြစ်မှား၍အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသောဥစ္စာ၊ လှည့်စား၍ရသောဥစ္စာ၊ သူတစ်ပါးအပ်နှံသောဥစ္စာ၊ ပျောက်၍တွေ့သောဥစ္စာ၊
6:5 မဟုတ်မမှန်ဘဲကျိန်ဆို၍ ရသောဥစ္စာအဖိုးနှင့်တကွ၊ ငါးစုတစ်စုကိုထပ်၍ ဒုစရိုက်ဖြေသောယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အားပြန်ပေးရမည်။
6:6 ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှာ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့ရမည်။
6:7 ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
6:8 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည်အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို ယဇ်ပလ္လင်ထင်းမီးပေါ်မှာ တစ်ညလုံးနံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
6:10 ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ဘောင်းဘီကိုဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာကျွမ်းလောင်သော မီးရှို့ရာယဇ်ပြာကိုကျုံး၍ ပလ္လင်အနားမှာထားရမည်။
6:11 တစ်ဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
6:12 ယဇ်ပလ္လင်မီးသည် မသေဘဲအစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်းထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကိုခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိတ်သဟာယယဇ်ဆီဥကို မီးရှို့ရမည်။
6:13 ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
6:14 ဘောဇဉ်ပူဇော်သကာတရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သကာကို ထာဝရဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာပူဇော်သောအခါ၊
6:15 ဘောဇဉ်ပူဇော်သကာ မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သကာအတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဖို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
6:16 ကြွင်းသောအရာတို့ကို၊ အာရုန်နှင့်သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲစားရမည်။
6:17 ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အားပြုသောပူဇော်သကာထဲက ထိုမုန့်ညက်ကို သူတို့အဖို့ဖြစ်စေခြင်းငှာ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်းပေ၏။
6:18 အာရုန်၏သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
6:19 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
6:20 အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သကာဖြစ်စေခြင်းငှာ၊ မုန့်ညက်တစ်ဩမဲကို၊ နံနက်တစ်ဝက်၊ ညတစ်ဝက် ထာဝရဘုရားအားပူဇော်ရမည်။
6:21 ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ပူဇော်ရမည်။
6:22 အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သကာကိုပြုရမည်။ ထာဝရဘုရားအဖို့ ထာဝရပညတ်တော်ဖြစ်သတည်း။
6:23 ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သကာရှိသမျှကို အကုန်အစဉ်မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။
6:24 တစ်ဖန် မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊
6:25 သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ်ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကိုသတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
6:26 အပြစ်ဖြေဖို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။
6:27 ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖျန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။
6:28 ထိုအသားပြုတ်သော မြေအိုးကိုခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ရေနှင့်ဆေးရမည်။
6:29 ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည် စားရကြမည်။
6:30 အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှာ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။