Leviticus 7
7:1 ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
7:2 မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသောယဇ်ကောင်ကိုသတ်၍ အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
7:3 အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊
7:4 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ဆက်လျှင်၊
7:5 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
7:6 အသားကို ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7:7 အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတစ်ပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
7:8 လူတစ်စုံတစ်ယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကို ယူရမည်။
7:9 မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
7:10 ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သကာရှိသမျှကို အာရုန်၏သားအပေါင်းတို့သည် အညီအမျှယူရကြမည်။
7:11 ထာဝရဘုရားအားပြုရသော မိတ်သဟာယယဇ်ပူဇော်ခြင်းတရားဟူမူကား၊
7:12 ကျေးဇူးတော်ဝန်ခံဖို့ရာပူဇော်လျှင်၊ ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
7:13 ထိုမုန့်ပြားမှတစ်ပါး၊ မိတ်သဟာယပူဇော်သကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသောမုန့်ကိုလည်း ပူဇော်ရမည်။
7:14 ပူဇော်သကာရှိသမျှအထဲက မုန့်တစ်လုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သကာပြု၍ ထိုမုန့်ကို မိတ်သဟာယယဇ်အသွေးဖျန်းသော ယဇ်ပုရောဟိတ်ယူရမည်။
7:15 ကျေးဇူးတော်ဝန်ခံဖို့ရာ ပူဇော်သော မိတ်သဟာယယဇ်အသားကို၊ ပူဇော်သောနေ့ချင်းတွင်စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
7:16 သို့မဟုတ် သစ္စာပြု၍ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ချင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
7:17 ကြွင်းသေးသောအသားကိုလည်း သန်ဘက်နေ့၌မီးရှို့ရမည်။
7:18 မိတ်သဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဖွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။
7:19 မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သောသူတို့သာလျှင် ထိုယဇ်သားကိုစားရကြမည်။
7:20 ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
7:21 အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွ အစရှိသော၊ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
7:22 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။
7:24 အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍သေသော တိရစ္ဆာန်ဆီဥကို အခြားဖို့သုံးရသော်လည်း၊ အလျှင်းမစားရ။
7:25 အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
7:26 သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။
7:27 အကြင်သူသည် တစ်စုံတစ်ခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
7:28 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည်၊
7:29 မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဖို့ရာဆောင်ခဲ့ရမည်။
7:30 ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာ ပြုစေခြင်းငှာ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။
7:31 ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့်သူ၏သားတို့သည် ယူရကြမည်။
7:32 မိတ်သဟာယယဇ်ထဲက လက်ယာပခုံးကို ချီမြှောက်သောပူဇော်သကာဖို့ ယဇ်ပုရောဟိတ်အားပေးရမည်။
7:33 မိတ်သဟာယယဇ်အသွေးနှင့် ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ယာပခုံးကို မိမိအဖို့ယူရမည်။
7:34 ဣသရေလအမျိုးသားတို့ပြုသော မိတ်သဟာယယဇ်များထဲက ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကို ငါနုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားတို့အား ထာဝရပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
7:35 ထိုသို့ အာရုန်နှင့်သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာများထဲက၊ သူတို့ခံရသောအဖို့ ဖြစ်၏။
7:36 ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဖို့ကိုခံရမည်အကြောင်း၊ သူတို့ကိုဘိသိက်ပေးတော်မူသောနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။
7:37 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သကာပြုရမည်အကြောင်းမှာထားတော်မူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအားပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ်ပူဇော်သကာတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက်ဖြေရာယဇ်တရား၊ အရာ၌ခန့်ထားရာယဇ်တရား၊ မိတ်သဟာယယဇ်တရားဖြစ်သတည်းဟု မိန့်တော်မူ၏။