Amos 3
3:1 အို ဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
3:2 မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တစ်မျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ် ရှိသမျှတို့ကို ငါစစ်ကြောမည်။
3:3 လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဖော်၍ ခရီးသွားနိုင်သလော။
3:4 ခြင်္သေ့သည် ဖမ်းစရာမရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဖမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။
3:5 မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ်အရာကိုမျှမရမီ ထောင်ထားရာအရပ်မှ နုတ်သွားလိမ့်မည်လော။
3:6 မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
3:7 အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တို့အားမဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
3:8 ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။
3:9 အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကိုလည်းကောင်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသော သူတို့ကိုလည်းကောင်း ကြည့်ရှုကြလော့။
3:10 မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
3:11 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။
3:12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက်တစ်ပိုင်းကို နုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုးသားတို့ကို နုတ်ယူရလိမ့်မည်။
3:13 ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကို သင်တို့သည်နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
3:14 အကယ်စင်စစ် ဣသရေလအမျိုး၏အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ်ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကို ဖြတ်၍ မြေပေါ်သို့ချမည်။
3:15 ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့်ပြီးသော အိမ်တို့ကို ဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။