Amos 4
4:1 ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့သောက်ဖို့ယူခဲ့ကြဟု ဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကို နားထောင်ကြလော့။
4:2 အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်လည်းကောင်း၊ သင်တို့သားမြေးတို့ကို ပိုက်ကွန်နှင့်လည်းကောင်း ဖမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
4:3 သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
4:4 ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသောပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်း ပူဇော်သောယဇ်ကိုလည်းကောင်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့ကြလော့။
4:5 လုယူသောဥစ္စာထဲက ကျေးဇူးချီးမွမ်းရာ ပူဇော်သကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သကာများကိုလည်း ကြားပြော၍ ကြော်ငြာစေကြလော့။ အို ဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
4:6 ငါသည်လည်း၊ သင်တို့မြို့ရွာ ရှိသမျှတို့၌ သွားတို့၏စင်ကြယ်ခြင်းကိုလည်းကောင်း၊ သင်တို့နေရာ အရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကိုလည်းကောင်း ပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
4:7 စပါးရိတ်ရာကာလ မရောက်မီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှာ မိုးကိုငါဆီးတားပြီ။ မြို့တစ်မြို့ပေါ်မှာ ရွာစေခြင်းငှာလည်းကောင်း၊ တစ်မြို့ပေါ်မှာ မရွာစေခြင်းငှာလည်းကောင်းပြုလျက်၊ မြေတစ်ကွက်သည် မိုးရေကိုခံရ၍ တစ်ကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။
4:8 ထိုသို့ မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှာ မြို့တစ်မြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
4:9 လေထိ၍ အပင်သေခြင်း၊ အရည်ယို၍သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
4:10 အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ဓားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကို သိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌ လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
4:11 ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကိုမှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲကနုတ်သော ထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
4:12 သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ အထက်ကပြုသကဲ့သို့ သင်တို့၌ ငါပြုဦးမည်။ ထိုသို့ပြုမည် ဖြစ်သောကြောင့်၊ အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။
4:13 တောင်တို့ကို လုပ်၍ လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဖော်ပြထသော၊ နံနက်အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။