Amos 7
7:1 တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင်ဆိုင်သော မြက်ပင်ကိုရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။
7:2 ထိုကျိုင်းကောင်တို့သည် တစ်ပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှ ငါက၊ အို အရှင်ထာဝရဘုရား၊ အပြစ်မှ လွှတ်တော်မူပါ။ ယာကုပ်သည်ငယ်သောကြောင့်၊ အဘယ်သို့ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
7:3 ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့မဖြစ်ရဟု မိန့်တော်မူ၏။
7:4 တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှာ မီးကိုခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။
7:5 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
7:6 အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
7:7 တစ်ဖန်ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုးချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည်ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊
7:8 အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။
7:9 ဣဇာက်၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင်ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ဓားနှင့် ငါတိုက်မည်ဟု မိန့်တော်မူ၏။
7:10 ထိုအခါ ဗေသလယဇ်ပုရောဟိတ် အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။
7:11 ယေရောဗောင်သည် ဓားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။
7:12 အာမုတ်ကိုလည်း ခေါ်၍၊ အို ပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။
7:13 နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏ဟု ဆိုလျှင်၊
7:14 အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်း မဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်းသီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
7:15 ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကိုနုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူ ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။
7:16 သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတစ်ဖက်၌ ပရောဖက်မပြုနှင့်၊ ဣဇာက်အမျိုးတစ်ဖက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊
7:17 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏မယားသည် ပြည့်တန်ဆာဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတစ်ပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။