Amos 6
6:1 ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုးဆည်းကပ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
6:2 ကာလနေမြို့သို့ သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှ ဟာမတ်ကြီးမြို့သို့လည်းကောင်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့သို့လည်းကောင်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက် သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့ နယ်အပိုင်းအခြားထက် သာ၍ ကျယ်သလော။
6:3 ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊
6:4 ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကိုလည်းကောင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုလည်းကောင်း ယူ၍စားခြင်း၊
6:5 တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာ တူရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
6:6 စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဖိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မနာကျင်ဘဲနေသော၊
6:7 ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။
6:8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကိုငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကို မုန်းသောကြောင့်၊ မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။
6:9 အိမ်တစ်ဆောင်တွင် လူတစ်ကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
6:10 ပေါက်ဖော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသောသူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွားသောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစ်စုံတစ်ယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့်မည်။
6:11 အကြောင်းမူကား၊ ထာဝရဘုရားအမိန့်တော်ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော်မူလိမ့်မည်။
6:12 မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည်တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှာလည်းကောင်း ပြုကြသည်တကား။
6:13 အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကိုသိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား။
6:14 အကယ်စင်စစ်၊ အို ဣသရေလအမျိုး၊ သင်တို့တစ်ဖက်၌ လူတစ်မျိုးကို ငါထစေ၍၊ ထိုလူမျိုးသည် ဟာမတ်မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏။