Jonah 1
1:1 အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
1:2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်းခြောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ၏။
1:3 သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည့်အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့လိုက်ခြင်းငှာ သင်္ဘောကို စီးလေ၏။
1:4 ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏။
1:5 ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘောပေါ့စေခြင်းငှာ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော်လျက်နေ၏။
1:6 သင်္ဘောသူကြီးသည် လာ၍၊ အို အိပ်ပျော်သောသူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှာ ထိုဘုရားသည် ငါတို့ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
1:7 နောက်တစ်ဖန် သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။
1:8 တစ်ဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှုရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှုကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသား ဖြစ်သနည်းဟု မေးမြန်းကြသော်၊
1:9 ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟုဆိုလျှင်၊
1:10 ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဖော်ပြသောကြောင့် သူတို့သိကြ၏။
1:11 ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထသောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှာ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟုမေးကြသော်၊
1:12 ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြုလျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုးသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော်လည်း၊
1:13 သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှာ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တစ်ဖက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင်သောအခါ၊
1:14 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော်တောင်းပန်ပြီးမှ၊
1:15 ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထိုအခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။
1:16 သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာကတိထားကြ၏။
1:17 ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ထာဝရဘုရားခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံး နေရ၏။