Jonah 2
2:1 ငါး၏ဝမ်းထဲမှာ နေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူမူကား၊
2:2 ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။
2:3 ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်းကြပါ၏။
2:4 ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။
2:5 ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှာ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက် ရှိပါ၏။
2:6 တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။
2:7 အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
2:8 မုသားအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။
2:9 အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
2:10 ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။