Micah 1
1:1 ယုဒရှင်ဘုရင် ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌ မောရရှရွာသား မိက္ခာသည် ရှမာရိမြို့နှင့် ယေရုရှလင်မြို့အဖို့ ခံရသော ထာဝရဘုရား၏ဗျာဒိတ်တော်ဟူမူကား၊
1:2 အို လူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည်နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင်ထာဝရဘုရားတည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက ဘုရားရှင်သည် သင်တို့တစ်ဖက်၌ သက်သေခံတော်မူမည်။
1:3 ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာအရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေအရပ်တို့ကို နင်းတော်မူမည်။
1:4 မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
1:5 ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလအမျိုးပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။
1:6 ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့လည်းကောင်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုးအမြစ်ကို လှန်ပြမည်။
1:7 ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှားလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသောဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည့်တန်ဆာလုပ်၍ ဥစ္စာကိုဆည်းပူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည့်တန်ဆာလက်သို့ တစ်ဖန်ရောက်ရဦးမည်။
1:8 ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်းလည်သွားမည်။ မြေခွေးကဲ့သို့ အူလျက်၊ ကုလားအုတ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
1:9 သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည်တိုင်အောင်ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
1:10 ဂါသမြို့၌ သတင်းမပြောကြနှင့်။ အလျှင်းမငိုကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။
1:11 အို ရှဖိရမြို့သမီး၊ အဝတ်ကိုချွတ်၍ အရှက်ကွဲလျက် သွားလော့။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကိုပြုလျက် မထွက်ရ။ ဗေသဇေလမြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။
1:12 မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ရောက်လေပြီ။
1:13 အို လာခိရှမြို့သမီး၊ လျင်မြန်သောမြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်းကိုလက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသတည်း။
1:14 ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့သည် ဣသရေလ ရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။
1:15 အို မရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသောသူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံမြို့သို့ ရောက်လိမ့်မည်။
1:16 ချစ်ဖွယ်သော သင်၏သားသမီးတို့သည် သိမ်းသွားခြင်းကို ခံရသောကြောင့်၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ်၍ နေလော့။ ရွှေလင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့။