Micah 2
2:1 ဒုစရိုက်ကို ပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသော အကြံကိုကြံ၍၊ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
2:2 သူတစ်ပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက် သိမ်းယူလျက်၊ လူနှင့် သူ၏အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။
2:3 သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
2:4 ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်း ပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသော အဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။
2:5 ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဖို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။
2:6 ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
2:7 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။
2:8 ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ လျှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ်ကို လုယူတတ်ကြ၏။
2:9 ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။
2:10 ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ်ဝပ်ရာအရပ် မဟုတ်။ ဤအရပ်သည် ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။
2:11 ကိုယ်အလိုသို့လိုက်၍ မုသားစကားကို သုံးသောသူက၊ ငါသည်ပရောဖက်ပြု၍ စပျစ်ရည်တရားနှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက် ဖြစ်ရလိမ့်မည်။
2:12 အို ယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်။
2:13 အနိုင်အထက် ဖွင့်သောသူသည် သူတို့ရှေ့မှာသွား၏။ သူတို့သည်လည်း အနိုင်အထက်ဖွင့်၍ တံခါးဝဖြင့် လျှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။