Micah 5
5:1 ယခုမူကား၊ အို ဗိုလ်ခြေသတို့သမီး၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလမင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
5:2 အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။
5:3 သို့ဖြစ်၍၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဖွားမီတိုင်အောင်လည်းကောင်း၊ ဣသရေလအမျိုးသားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမီ တိုင်အောင်လည်းကောင်း၊ သူတို့ကို စွန့်ပစ်တော်မူလိမ့်မည်။
5:4 ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်လည်းကောင်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်လည်းကောင်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။
5:5 အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံဗိမာန်များကိုနင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီးရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊
5:6 ဓားလက်နက်ဖြင့် အာရှုရိပြည်ကိုလည်းကောင်း၊ မြို့တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကိုလည်းကောင်း သုတ်သင် ပယ်ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့လာ၍၊ ငါတို့နယ်အတွင်းတွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ်လိမ့်မည်။
5:7 ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
5:8 ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နုတ်နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
5:9 သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက်၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
5:10 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။
5:11 သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။
5:12 သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။
5:13 ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တစ်ဖန် သင်မကိုးကွယ်ရ။
5:14 အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
5:15 ငါ့စကားကို နားမထောင်သော တစ်ပါးအမျိုးသားတို့ကို ပြင်းစွာအမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင်မည်။