Micah 6
6:1 ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
6:2 အို တောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
6:3 အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဖူးသနည်း။ အဘယ်သို့ ညှဉ်းဆဲဖူးသနည်း။ ငါ့တစ်ဖက်၌ သက်သေခံလော့။
6:4 သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
6:5 အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
6:6 ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။
6:7 ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို အားရနှစ်သက် တော်မူမည်လော။ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော၊
6:8 အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
6:9 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကိုလည်းကောင်း၊ စီရင်သောသူသည် အဘယ်သူ ဖြစ်သည်ကိုလည်းကောင်း နားထောင်ကြလော့။
6:10 မတရားသောသူတို့၏အိမ်၌ မတရားသဖြင့် ဆည်းပူးသော ဥစ္စာနှင့်၊ ရွံရှာဖွယ်သော တင်းတောင်းငယ် ရှိသေးသလော။
6:11 မတရားသောချိန်ခွင်နှင့် စဉ်းလဲသော အလေးအိတ်ရှိသော မြို့ကို သန့်ရှင်းသောမြို့ဟူ၍ ငါမှတ်ရမည်လော။
6:12 မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသားကို သုံးတတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသားဖြစ်၏။
6:13 သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါသုတ်သင်ပယ်ရှင်းခြင်း အလိုငှာ နာကျင်စွာ ဒဏ်ခတ်မည်။
6:14 သင်သည် စားသော်လည်း မဝရ။ မွတ်သိပ်ခြင်းကို ခံရမည်။ သင်သည် ချီသော်လည်း ယူ၍မသွားရ။ ယူသွားသောအရာကိုလည်း ဓားဘေးသို့ ငါအပ်မည်။
6:15 မျိုးစေ့ကိုကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့် ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
6:16 အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း၊ အာဟပ်မင်းမျိုး ကျင့်သောအကျင့် ရှိသမျှကိုလည်းကောင်း ကျင့်စောင့်၍၊ သူတို့၏တိုက်တွန်းရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါသုတ်သင်ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာ ဖြစ်စေသဖြင့်၊ သင်သည် ငါ၏လူတို့ ကဲ့ရဲ့ခြင်းကို ခံရမည်။