Micah 7
7:1 ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့လည်းကောင်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့လည်းကောင်း ငါဖြစ်၏။ စားစရာဖို့ စပျစ်သီးပြွတ် မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီးကို ငါတောင့်တရ၏။
7:2 ကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှာ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။
7:3 ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှာ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီးသည် တံစိုးကို စားတတ်၏။ သူတစ်ပါးထက်ကြီးသောသူသည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှာ ပြုတတ်ကြ၏။
7:4 အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ်၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက်ခက်လှ၏။ သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသော နေ့ရက်သည် ရောက်လာပြီ။ နှိပ်စက်နှောင့်ယှက်ရာကာလ ဖြစ်၏။
7:5 အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သောမယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။
7:6 အကြောင်းမူကား၊ သားသည် အဘ၏အသရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
7:7 ငါမူကား၊ ထာဝရဘုရားကို မျှော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။
7:8 အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။
7:9 ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံးဖြတ်တော် မမူမီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။
7:10 သင်၏ ဘုရားသခင် ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟုမေးသော ငါ့ရန်သူသည် ထိုအမှုကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်းမှာ ရွှံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရလိမ့်မည်။
7:11 သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့်မည်။ အမိန့်တော်အရှိန် ကုန်လိမ့်မည်။
7:12 ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှလည်းကောင်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြား အရပ်မှလည်းကောင်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်း အရပ်ရပ်တို့မှလည်းကောင်း၊ သင့်ထံသို့ လာကြလိမ့်မည်။
7:13 ထိုသို့ မဖြစ်မီ ပြည်သူပြည်သားပြုမိသော ဒုစရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။
7:14 ကိုယ်တော်၏ လူတည်းဟူသော အပေါင်းအဖော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရသော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော်မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
7:15 သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင်သည်အတိုင်း၊ တစ်ဖန် အံ့ဩဖွယ်သောအမှုတို့ကို ငါပြမည်။
7:16 လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။
7:17 မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သင့်ကိုလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။
7:18 အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရား ရှိပါသနည်း။
7:19 ကိုယ်တော်သည် အကျွန်ုပ်တို့ကို တစ်ဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။
7:20 ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံအား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။ ပရောဖက်မိက္ခာ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။