Nahum 1
1:1 ဧလကောရှရွာသား နာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊
1:2 အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။
1:3 ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူတို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေပွေ၌လည်းကောင်း၊ မိုးသက်မုန်တိုင်း၌လည်းကောင်းကြွတော်မူ၍၊ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။
1:4 ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
1:5 ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။
1:6 အမျက်တော်ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။
1:7 ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။
1:8 ရန်သူနေရာကို လွှမ်းမိုးသောမြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။
1:9 ထာဝရဘုရားတစ်ဖက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တစ်ဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။
1:10 သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညှိတွယ်လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ခြောက်သော အမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။
1:11 ထာဝရဘုရားတစ်ဖက်၌ မကောင်းသော အကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။
1:12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဖူးသော်လည်း နောက်တစ်ဖန် မညှဉ်းဆဲ။
1:13 ယခုမှာ သင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။
1:14 သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏အမျိုး မဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်းကို ငါလုပ်မည်။
1:15 ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တစ်ဖန်သင့်ကို မကျော်မနင်းရ။