Nahum 2
2:1 ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ် အားယူလော့။
2:2 အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
2:3 သူရဲတို့သည် နီသော ဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကို ဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
2:4 ရထားတို့သည် လမ်း၌ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရှူးအဆင်းအရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
2:5 စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတစ်ပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
2:6 မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
2:7 အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
2:8 ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟု ဟစ်သော်လည်း အဘယ်သူမျှ ပြန်၍မကြည့်။
2:9 ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ်သက်ဖွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
2:10 မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ်ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက်ရှိကြ၏။
2:11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျိုစားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာရှိသနည်း။
2:12 ခြင်္သေ့သည် သားငယ်များ ဖို့ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကိုဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့်စေတတ်၏။
2:13 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်၏ရထားတို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ဓားဖြင့် ဖျက်ဆီးမည်။ သင်လုယူသောဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက်တစ်ဖန် အဘယ်သူမျှ မကြားရ။