Nahum 3
3:1 လူအသက်ကို သတ်တတ်သော မြို့၌ အမင်္ဂလာဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဖမ်းမိသောအရာကို မလွှတ်တတ်။
3:2 နှင်တံနှင့် ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။
3:3 မြင်းစီးသူရဲသည် မီးတောက်သောဓား၊ လျှပ်စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူ အပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက်၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ၏။
3:4 အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွယ်နွယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည့်တန်ဆာမိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြားသောကြောင့်၊
3:5 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အဝတ်ကို သင်၏မျက်နှာပေါ်မှာလှန်၍ အတိုင်းတိုင်းအပြည်ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။
3:6 သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတစ်ပါးတို့ကြည့်စရာ ထားမည်။
3:7 သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူ မြည်တမ်းမည်နည်းဟု ဆိုလျက်၊ သင့်ထံမှ ပြေးကြလိမ့်မည်။ နှစ်သိမ့်စေသောသူတို့ကို သင့်အဖို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။
3:8 သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ်သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ်သတည်း။
3:9 အဲသယောပိပြည် နှင့် အဲဂုတ္တုပြည်သည် သူ၏လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။
3:10 သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုးဖြင့် ချည်နှောင်လျက် ပြုကြပြီ။
3:11 သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်းရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။
3:12 သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့်သောအသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြလိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပါးစပ်ထဲသို့ ကျလိမ့်မည်။
3:13 သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့်လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။
3:14 ရန်သူဝိုင်းထားသော ကာလဖို့ ရေကို ခပ်ထားလော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွှံ့ထဲသို့ ဝင်၍ အုတ်မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။
3:15 ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ဓားနှင့် ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်းကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှာ ကြိုးစားလော့။
3:16 မိုးကောင်းကင်ကြယ်များသည်ထက်၊ သင်၏ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်းတို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။
3:17 သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့လည်းကောင်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့လည်းကောင်း ဖြစ်၍၊ ချမ်းသောအခါ စောင်ရန်းနားမှာ ဝပ်တတ်ကြ၏။ နေထွက်သောအခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။
3:18 အို အာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ်သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။
3:19 သင်၏အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီးကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှုကိုမခံဘဲ လွတ်သောသူကား အဘယ်သူနည်း။ ပရောဖက်နာဟုံ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။