Habakkuk 2
2:1 ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကိုလည်းကောင်း ငါစောင့်၍ နေစဉ်တွင်၊
2:2 ထာဝရဘုရားကလည်း၊ ဖတ်သောသူသည် ပြေးလျက် ဖတ်နိုင်အောင်၊ ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
2:3 ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသားနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။
2:4 စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
2:5 ထိုမှတစ်ပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံသို့ဆွဲငင်၍ စုဝေးစေ၏။
2:6 ထိုသူအပေါင်းတို့သည် သူတစ်ဖက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင်သော ဥစ္စာကို ဆည်းပူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည် မဟုတ်လော။
2:7 သင့်ကိုကိုက်သော သူတို့သည် ချက်ချင်းထကြမည် မဟုတ်လော။ နှောင့်ယှက်သောသူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာ ဖြစ်လိမ့်မည်။
2:8 သင်သည် များစွာသောလူမျိုးတို့ကို လုယူသောကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြုကြလိမ့်မည်။
2:9 မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေးဒဏ်လက်မှ မိမိလွတ်စေခြင်းငှာ၊ မကောင်းသောအဓမ္မစီးပွားကို မိမိအမျိုးအဖို့ ရှာသောသူသည် အမင်္ဂလာရှိ၏။
2:10 သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှာ ကြံစည်၍၊ ကိုယ်အသက်ကို ပြစ်မှားပြီ။
2:11 အကယ်စင်စစ် ကျောက်တစ်လုံးသည် ကျောက်ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တစ်ချောင်းသည် သစ်သားစုထဲက ထူးလေ၏။
2:12 လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသောသူသည် အမင်္ဂလာရှိ၏။
2:13 လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုးမျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား စီရင်တော်မူပြီ။
2:14 အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
2:15 မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကိုယစ်မူးစေခြင်းငှာ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
2:16 သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရလိမ့်မည်။ ထာဝရဘုရား၏ လက်ယာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ရောက်၍၊ ရွံရှာဖွယ်သော အော့အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
2:17 လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဖွယ်သောအခြင်းအရာနှင့် ဖျက်ဆီးသောအပြစ်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
2:18 ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသောရုပ်တုနှင့် မိစ္ဆာဆရာသည် အဘယ်အကျိုးကိုပေး၍၊ လုပ်သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။
2:19 သစ်သားအား၊ နိုးတော်မူပါဟူ၍လည်းကောင်း၊ စကားအသော ကျောက်အား၊ ထတော်မူပါ ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့်မည်လော။ ရွှေငွေနှင့် မွမ်းမံလျက်ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။
2:20 ထာဝရဘုရားမူကား၊ သန့်ရှင်းသောဗိမာန်တော်၌ ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။