Zephaniah 1
1:1 ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက်ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
1:2 ပြည်တစ်ပြည်လုံး၌ ရှိလေသမျှတို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1:3 လူနှင့် တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ အဓမ္မလူတို့နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကိုလည်းကောင်း ငါပယ်ရှင်းမည်။ မြေတစ်ပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1:4 ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌ ကျန်ကြွင်းသော ဗာလဘုရား၏တပည့်တို့နှင့် ယဇ်ပုရောဟိတ် အမျိုးမျိုးတို့ကိုလည်းကောင်း၊
1:5 ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကိုတိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကိုလည်းကောင်း၊
1:6 ထာဝရဘုရား၏ နောက်တော်သို့မလိုက်၊ ဆုတ်သွားသောသူ၊ ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှင်းမည်။
1:7 အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သောသူတို့ကို သန့်ရှင်းစေတော်မူပြီ။
1:8 ထာဝရဘုရား ပွဲခံတော်မူသောနေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။
1:9 သူတစ်ပါး၏ အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူ အပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။
1:10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကိုလည်းကောင်း၊ ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းသံကိုလည်းကောင်း၊ တောင်ရိုး၌ ပြင်းစွာ ချိုးဖျက်သံကိုလည်းကောင်း ကြားရ၏။
1:11 မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကိုဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ။
1:12 ထိုကာလ၌ ငါသည် မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့ အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။
1:13 ထိုသူတို့၏ဥစ္စာကို သူတစ်ပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။
1:14 ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။ ထာဝရဘုရား၏နေ့သတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။
1:15 ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊
1:16 ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ ဖြစ်၏။
1:17 သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
1:18 ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။