Zephaniah 2
2:1 အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ်ကြောကြလော့။
2:2 အမိန့်တော်အတိုင်း မစီရင်၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် သင်တို့အပေါ်သို့ မရောက်၊ ထာဝရဘုရား၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ်ကို စစ်ကြောကြလော့။
2:3 တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။
2:4 အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။
2:5 အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိအမျိုးသားတို့၊ သင်တို့ တစ်ဖက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှာ ငါသုတ်သင်မည်။
2:6 ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဖို့ ဖြစ်လိမ့်မည်။
2:7 ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒအမျိုးသားတို့ အဖို့ဖြစ်၍၊ သူတို့သည် ထိုအရပ်၌ ကျက်စားကြလိမ့်မည်။ ညအချိန်၌လည်း အာရှကေလုန်မြို့ရာအိမ်တို့၌ အိပ်ကြလိမ့်မည်။ သူတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှု ကြွလာ၍၊ သိမ်းသွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည်။
2:8 မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတစ်ဖက်၌ ဝါကြွားသောစကားကို ငါကြားပြီ။
2:9 သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့ မြေတူးရာအရပ်၊ အစဉ်အမြဲ ပျက်စီးရာအရပ် ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူသိမ်းစားကြလိမ့်မည်။
2:10 ထိုသူတို့သည် မာနကြီးသောသူဖြစ်၍၊ ကဲ့ရဲ့လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ လူမျိုးတစ်ဖက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။
2:11 ထာဝရဘုရားသည် သူတို့တစ်ဖက်၌ ကြောက်မက်ဖွယ်ဖြစ်၍၊ လောကီဘုရား ရှိသမျှတို့ကို အငတ်ထားတော်မူလိမ့်မည်။ တစ်ပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။
2:12 အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် အသေခံရကြလိမ့်မည်။
2:13 မြောက်မျက်နှာကိုလည်းတိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သောအရပ် ဖြစ်စေတော်မူမည်။
2:14 မြို့အလယ်၌ သိုးစုများနှင့် တစ်ပါးအမျိုး သားရဲအပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြူတင်းပေါက်၌ မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား၌ အပြောက်ပယ်ရှင်းလျက် ရှိလိမ့်မည်။
2:15 ထိုမြို့က၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဖူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည်တကား။ လျှောက်သွားသော သူအပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။