Zephaniah 3
3:1 ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သော မြို့သည် အမင်္ဂလာရှိ၏။
3:2 နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမတော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရားသခင့်ထံတော်သို့ မချဉ်းကပ်၊
3:3 မြို့အလယ်၌ မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှ မချန်မထား၊ ည၌ လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။
3:4 ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
3:5 သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ်၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်းကို မချွတ်မယွင်း ဖော်ပြတော်မူ၏။ သို့သော်လည်း၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။
3:6 လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက်များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှာ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစ်စုံတစ်ယောက်မျှ မနေစေခြင်းငှာ ဖျက်ဆီးလေပြီ။
3:7 ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက်ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်းငှာ၊ ငါ့ကိုကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသောအကျင့်ကိုသာ ကျင့်ကြ၏။
3:8 သို့သော်လည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံ ပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်။
3:9 အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း၊ နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။
3:10 ကုရှပြည်၏မြစ်တို့တစ်ဖက်၊ အရပ်ရပ်၌ ကွဲပြားလျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန်သော သူတို့သည် ငါ့အဖို့ ပူဇော်သကာကို ဆောင်ခဲ့ကြလိမ့်မည်။
3:11 ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကို အမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ။
3:12 နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံကြလိမ့်မည်။
3:13 ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသားမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက် နေရကြလိမ့်မည်။
3:14 အို ဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသရေလအမျိုး၊ ကြွေးကြော်လော့။ အို ယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
3:15 ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တစ်ဖန် ဘေးဥပဒ်နှင့် မတွေ့မကြုံရ။
3:16 မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အားလည်းကောင်း၊ လက်အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အားလည်းကောင်း ထိုအခါ ဆိုရ၏။
3:17 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
3:18 ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်းဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက်ရှိသော သူတို့ကို ငါစုဝေးစေမည်။
3:19 သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ်ခြင်းကို ခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကိုခံရရာ ပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်း ဂုဏ်အသရေကို ပေးမည်။
3:20 ထိုကာလ၌ သင်တို့ကို တစ်ဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင်တို့မျက်မှောက်၌ တစ်ဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အားပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဇေဖနိ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။