Haggai 1
1:1 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှုဆီသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊
1:2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေးဟု၊ ဤလူများပြောဆိုကြသည်မှာ၊
1:3 ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊
1:4 အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက် နေရမည်လော။
1:5 ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကိုဆင်ခြင်ကြလော့။
1:6 သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရကြ၏။
1:7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
1:8 တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
1:9 သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။
1:10 ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
1:11 မြေပေါ်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌လည်းကောင်း၊ မြေထဲကထွက်သမျှ အပေါ်၌လည်းကောင်း၊ လူသတ္တဝါတိရစ္ဆာန် အပေါ်၌လည်းကောင်း၊ လုပ်ဆောင်သမျှအပေါ်၌လည်းကောင်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။
1:12 ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
1:13 ထိုအခါ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ထာဝရဘုရား၏တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့် အတူရှိ၏ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
1:14 ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ကို နှိုးဆော်တော်မူသောအားဖြင့်၊
1:15 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ နှစ်ဆယ်လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ အလုပ်လုပ်ကြ၏။