Haggai 2
2:1 သတ္တမလ နှစ်ဆယ်တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊
2:2 သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
2:3 ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဖူး၍ သင်တို့တွင် ကျန်ကြွင်းသောသူကား အဘယ်သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ်လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
2:4 သို့သော်လည်း၊ အို ဇေရုဗဗေလ၊ အားယူလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
2:5 အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
2:6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။
2:7 လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကိုဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
2:8 ရွှေနှင့် ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
2:9 နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ ကြီးလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
2:10 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
2:11 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည်တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရမည်မှာ၊
2:12 လူသည် သန့်ရှင်းသောအမဲသားကို မိမိအဝတ်နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစ်စုံတစ်ခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်းဟု ပြန်ပြောကြ၏။
2:13 ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင်ကြယ်သော သူသည် ထိုအရာ တစ်စုံတစ်ခုကိုထိလျှင် ညစ်ညူးခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
2:14 ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူ ဖြစ်ကြ၏။ သူတို့လုပ်ဆောင်သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သောအရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
2:15 ထာဝရဘုရား၏ ဗိမာန်တော်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုကို မတင်မီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
2:16 ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရသော စပါးပုံသို့ လူလာသောအခါ တစ်ဆယ်ကိုသာရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှာ စပျစ်သီးနယ်ရာကျင်းသို့ လာသောအခါ နှစ်ဆယ်ကိုသာရ၏။
2:17 သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍အပင်သေဘေး၊ အရည်ယို၍ သေဘေး၊ မိုးသီးဘေးဖြင့် ငါသည် ဒဏ်ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
2:18 ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလ နှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့မျှော်ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည် အကြောင်းအရာဟူမူကား၊
2:19 စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီးကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်ဟု မိန့်တော်မူ၏။
2:20 ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့တစ်ဖန်ရောက်လာ၍၊
2:21 သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆိုရမည်မှာ၊ ငါသည် ကောင်းကင်နှင့် မြေကြီးကိုလှုပ်မည်။
2:22 တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကိုမှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲတို့သည် တစ်ယောက်ကို တစ်ယောက်ခုတ်၍ လဲကြလိမ့်မည်။
2:23 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန် ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့်ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေးချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဟဂ္ဂဲ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။