Zechariah 1
1:1 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါသား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
1:2 ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။
1:3 သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ငါသည်လည်း သင်တို့ရှိရာသို့ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေထာဝရဘုရား မိန့်တော်မူ၏။
1:4 ရှေးပရောဖက်တို့က၊ သင်တို့ မကောင်းသောလမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင်ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
1:5 ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက်ရှင်တတ်ကြသလော။
1:6 ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
1:7 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်းဟူသော ရှေဗတ်လ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊
1:8 ညအခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတစ်ဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတုတော၌ ရပ်၏။ သူ့နောက်မှာ နီသောမြင်း၊ ညိုသောမြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။
1:9 ငါကလည်း၊ အို သခင်၊ ထိုသူတို့ကား အဘယ်သူနည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊
1:10 မုရတုတော၌ ရပ်သောလူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှာ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။
1:11 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီးတစ်လျှောက်လုံးသည် အမှုမရှိ။ ငြိမ်ဝပ်လျက်ရှိပါ၏ဟု မုရတုတော၌ရပ်သော ထာဝရဘုရား၏ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။
1:12 တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက်သော်၊
1:13 ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသောစကား ပြန်ပြောတော်မူ၏။
1:14 ငါနှင့် ပြောဆိုသော ကောင်းကင်တမန်ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဖို့ အလွန်ကြင်နာသောစိတ်အားကြီး၏။
1:15 ငြိမ်ဝပ်စွာနေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။
1:16 ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကိုလည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
1:17 တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။
1:18 တစ်ဖန် ငါမျှော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်၏။
1:19 ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အားလည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
1:20 ထာဝရဘုရားသည်လည်း လက်သမားလေးဦးတို့ကို ပြတော်မူ၏။
1:21 ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှာလာပါသနည်းဟု မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှမျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ကို ကွဲပြားစေခြင်းငှာ တိုက်လာသောထိုဦးချိုတို့ကို ခြိမ်းမောင်း၍၊ တစ်ပါးအမျိုး၏ဦးချိုတို့ကို ရှုတ်ချသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။