Zechariah 2
2:1 တစ်ဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကိုကိုင်သော လူတစ်ဦးကိုမြင်လျှင်၊
2:2 အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင်မြို့ အလျားအနံကိုသိလို၍ မြို့ကို တိုင်းခြင်းငှာသွားသည်ဟု ပြန်ပြော၏။
2:3 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည် ကြိုဆိုလျက်၊
2:4 သင်သည်ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန်များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
2:5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကိုကာသော မီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။
2:6 အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ မိုးကောင်းကင်အောက် လေးမျက်နှာတို့၌ သင်တို့ကို ငါနှံ့ပြားစေပြီဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
2:7 ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။
2:8 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
2:9 သူတို့ကို ငါတိုက်၍ သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
2:10 အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်းလော့။ ငါလာ၍ သင့်အလယ်၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
2:11 ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရားဘက်သို့ဝင်စား၍ ငါ၏လူ ဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရလိမ့်မည်။
2:12 ထာဝရဘုရားသည် သန့်ရှင်းသောပြည်၌ မိမိအဖို့ ယုဒပြည်ကို အမွေခံ၍ တစ်ဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
2:13 အို လူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ်ရာဌာနတော်၌ ထတော်မူပြီ။