Zechariah 12
12:1 ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော်တည်းဟူသော၊ မိုးကောင်းကင်ကို ကြက်၍ မြေကြီးတိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလအမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊
12:2 ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကိုလည်း ထိုအတူ ဖြစ်စေမည်။
12:3 ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအပေါင်းတို့သည် ကျိုးပဲ့ကြေမွ ကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တစ်ဖက်၌ စုဝေးလျက် ရှိကြလိမ့်မည်။
12:4 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှာလည်းကောင်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှာလည်းကောင်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တစ်ပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။
12:5 ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။
12:6 ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့လည်းကောင်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့လည်းကောင်း ဖြစ်စေသဖြင့်၊ လက်ယာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။
12:7 ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည်တစ်ဖက်၌ မဝါကြွားရ။
12:8 ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့လည်းကောင်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင် ကဲ့သို့လည်းကောင်း သူတို့ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
12:9 ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ငါသည် အားထုတ်မည်။
12:10 ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပတ္ထနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တစ်ယောက်တည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦးအတွက် အဘသည် နာကြည်းရကြလိမ့်မည်။
12:11 မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။
12:12 တစ်ပြည်လုံး အမျိုးအနွယ်အသီးအသီး တစ်မျိုးတခြားစီ ငိုကြွေးမြည်တမ်း ကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊
12:13 လေဝိ၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊
12:14 ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တစ်မျိုးတခြားစီ၊ သူတို့မိန်းမများ တစ်စုတခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။