Zechariah 11
11:1 အို လေဗနုန်တောင်၊ သင်၏အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှာ သင်၏တံခါးတို့ကို ဖွင့်လော့။
11:2 အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။
11:3 သိုးထိန်းတို့သည် မိမိတို့အသရေပျက်သောကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ်၏ ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက်သောအသံကို ကြားရ၏။
11:4 ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သတ်ဖို့ရာထားသော ဤသိုးစုကို ကျွေးမွေးလော့။
11:5 ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည်ကို မသိကြ။ ရောင်းစားသော သူတို့ကလည်း၊ ငါရတတ်သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
11:6 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။
11:7 ထိုသို့ သတ်ဖို့ရာထားသော သိုးစုတည်းဟူသော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝှေးနှစ်စင်းကိုယူ၍၊ တစ်စင်းကို ကျေးဇူးဟူ၍လည်းကောင်း၊ တစ်စင်းကို အနှောင်အဖွဲ့ဟူ၍လည်းကောင်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။
11:8 သိုးထိန်းသုံးယောက်ကိုလည်း တစ်လတွင် ငါပယ်ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
11:9 နောက်တစ်ဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင်တို့သည် တစ်ကောင်ကိုတစ်ကောင် စားပါလေစေဟု ငါဆိုလျက်၊
11:10 ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏တောင်ဝှေးကို ယူ၍ ချိုး၏။
11:11 ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။
11:12 တစ်ဖန် ငါက၊ ငါရထိုက်သော အခကိုပေးအံ့သောငှာ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်ဟု ဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏။
11:13 ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်းသမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဖိုးဖြတ်၍ ငွေများလှသည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ်ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်းသမားရှေ့မှာ ပစ်ချ၏။
11:14 ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိတ်သဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝှေးကို ငါချိုး၏။
11:15 တစ်ဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏တန်ဆာတို့ကို သိမ်းယူလော့။
11:16 အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတစ်ဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသော အကောင်ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသောအကောင်ကို အနာပျောက်စေခြင်းငှာ မပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့်မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။
11:17 သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာ ရှိစေသတည်း။ သူ၏လက်ရုံးနှင့် လက်ယာမျက်စိ၌ ဓားဘေး ရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ယာမျက်စိသည် အကုန်အစင်မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။