Zechariah 6
6:1 တစ်ဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
6:2 ပထမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
6:3 တတိယရထား၌ မြင်းဖြူ၊ စတုတ္ထရထား၌ ခွန်အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
6:4 အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
6:5 ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့တော်၌ ရပ်နေရာမှ ထွက်သွားသော မိုးကောင်းကင်လေ လေးပါးဖြစ်၏။
6:6 ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွားကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
6:7 ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှာ အားထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
6:8 ကောင်းကင်တမန်သည်လည်း ငါ့ကိုခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
6:9 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
6:10 အရင်သိမ်းသွားခြင်းကိုခံရ၍ ယခု ဗာဗုလုန်မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုး အချို့တို့ကို ခေါ်၍၊ တစ်နေ့ချင်းတွင် ဇေဖနိ၏သား ယောရှိအိမ်သို့ သွားပြီးသော်၊
6:11 ရွှေငွေတို့ကိုယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇဒက်သား ယဇ်ပုရောဟိတ်မင်း ယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
6:12 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည်ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
6:13 ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်းဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိတ်သဟာယ ပဋိညာဉ်ကို ဖွဲ့ကြလိမ့်မည်။
6:14 ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဖို့၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သက်သေဖြစ်ရမည်။
6:15 ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ဗိမာန်တော်၌ တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။