Zechariah 7
7:1 ဒါရိမင်းကြီး နန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလ လေးရက်နေ့တွင်၊
7:2 ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာလည်းကောင်း၊
7:3 နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဉ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာကျင့်ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှာလည်းကောင်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
7:4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊
7:5 ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သားအပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ်ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အား အစာရှောင်ကြသလော။
7:6 စားသောက်သောအခါ၌လည်း ကိုယ်အလိုအလျောက် စားသောက်ကြသည် မဟုတ်လော။
7:7 ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ရှိသော မြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသောအရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော်ပြည့်စုံပြီ မဟုတ်လောဟု မိန့်တော်မူ၏။
7:8 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဇာခရိသို့ ရောက်လာသည်ကား၊
7:9 တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုကြလော့။
7:10 မိဘမရှိသောသူ၊ မုဆိုးမ၊ တစ်ကျွန်းတစ်နိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တစ်ယောက်ကို တစ်ယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသော်လည်း၊
7:11 သူတို့သည် နားမထောင်ဘဲ လွတ်အောင်ရုန်းကြ၏။ မကြားစေခြင်းငှာ နားကို ပိတ်ကြ၏။
7:12 တရားစကားကိုလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသော စကားကိုလည်းကောင်း သူတို့သည် မကြားစေခြင်းငှာ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလွန် အမျက်ထွက်တော်မူ၏။
7:13 ငါဟစ်ခေါ်၍ သူတို့သည်နားမထောင်သကဲ့သို့၊ တစ်ဖန် သူတို့သည်ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲနေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
7:14 သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေပွေတိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ်ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသောပြည်သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လေပြီတကားဟု မိန့်တော်မူ၏။