Numbers 11
11:1 တစ်ဖန် လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။
11:2 လူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။
11:3 ထာဝရဘုရား၏မီးသည် သူတို့တွင်လောင်သောကြောင့် ထိုအရပ်ကို တဗေရဟူသောအမည်ဖြင့် မှည့်လေ၏။
11:4 ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တစ်ပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တစ်ဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
11:5 အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
11:6 ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတစ်ပါး တစ်စုံတစ်ခုကိုမျှမမြင်ရဟု ဆိုကြ၏။
11:7 မန္နသည်နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
11:8 လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့်ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော်အရသာနှင့်တူ၏။
11:9 စခန်းချရာအရပ်၌ ညအခါနှင်းနှင့်အတူ မန္နကျတတ်၏။
11:10 ထိုအခါ လူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
11:11 ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌မျက်နှာမရဘဲ နေရပါသနည်း။
11:12 သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက် ဆောင်လော့ဟု အကျွန်ုပ်အားမိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဖွားမြင်ပါသလော။
11:13 ဤလူအပေါင်းတို့အား ကျွေးစရာဖို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဖို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
11:14 ဤလူအပေါင်းတို့ကို အကျွန်ုပ်တစ်ယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်း လေးလွန်းပါ၏။
11:15 ထိုသို့ အကျွန်ုပ်၌ပြုတော်မူလျှင်လည်းကောင်း၊ စိတ်တွေ့တော်မူလျှင်လည်းကောင်း၊ အကျွန်ုပ်ကို အလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ထာဝရဘုရားအားလျှောက်ဆို၏။
11:16 ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးသူခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူရပ်နေကြစေလော့။
11:17 ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။
11:18 သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဖို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲသားကို စားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကိုပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌နေစဉ်၊ ငါတို့သည်ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက်ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသားကိုပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
11:19 တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည်မဟုတ်။
11:20 သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တစ်လပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် ပြောဆိုကြပြီတကားဟု မောရှေအားမိန့်တော်မူ၏။
11:21 မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တစ်လစားစရာဖို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
11:22 သူတို့ကိုဝစွာကျွေးခြင်းငှာ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှာ၊ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးရပါမည်လောဟု လျှောက်လျှင်၊
11:23 ထာဝရဘုရားက၊ ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည်၊ မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
11:24 မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အားဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
11:25 ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
11:26 ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။
11:27 လုလင်တစ်ယောက်သည်လည်း မောရှေထံသို့ပြေး၍၊ ဧလဒဒ်နှင့်မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
11:28 မောရှေ၏လက်ထောက်ဖြစ်သော လုလင်နုန်သားယောရှုက၊ သခင်မောရှေ၊ သူတို့ကိုဆီးတားတော်မူပါဟုဆိုသော်၊
11:29 မောရှေက၊ သင်သည် ငါ့အတွက်ငြူစူသောစိတ်ရှိသလော။ ထာဝရဘုရား၏လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာတင်တော်မူပါစေသောဟု ဆိုပြီးမှ၊
11:30 ဣသရေလအမျိုးသား အသက်ကြီးသူတို့နှင့်အတူ တပ်ထဲသို့ပြန်သွားလေ၏။
11:31 ထိုအခါ ထာဝရဘုရားသည်လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တစ်ရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
11:32 လူများတို့သည် တစ်နေ့လုံး၊ တစ်ညလုံး၊ နက်ဖြန်လည်းတစ်နေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်းသိမ်းသောသူသည် ဆယ်ဟောမဲကိုသိမ်းရ၏။ တပ်ပတ်လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
11:33 သို့ရာတွင် ငုံးသားကိုကိုက်၍မဝါးမီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသောဘေးနှင့် ဒဏ်ခတ်တော်မူ၏။
11:34 တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်ဟတ္တဝါဟူသော အမည်ဖြင့်မှည့်လေ၏။
11:35 လူများတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။