Numbers 12
12:1 မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဖက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊
12:2 အကယ်၍ထာဝရဘုရားသည်၊ မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။
12:3 မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။
12:4 ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ချင်းမိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။
12:5 ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။
12:6 ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
12:7 အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန်မောရှေသည် ထိုသို့မဟုတ်။
12:8 သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊
12:9 အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊
12:10 မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
12:11 အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကိုပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။
12:12 ဖွားစကပင် ကိုယ်အသားတစ်ဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်းပန်လျှင်၊
12:13 မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကိုပျောက်စေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
12:14 ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံတွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည်မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့တစ်ဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
12:15 မိရိအံကိုနှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံအနာမပျောက်မီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲနေကြ၏။
12:16 ထိုနောက် ဟာဇရုတ်အရပ်မှပြောင်း၍ ပါရန်တော၌တဲဆောက်ကြ၏။