Numbers 14
14:1 ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံးငိုကြွေးကြ၏။
14:2 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။
14:3 ငါတို့သည်ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှာ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊
14:4 တစ်ဖန် လူတစ်စုံတစ်ယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တစ်ယောက်ကိုတစ်ယောက် ဆိုကြ၏။
14:5 မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက်နေကြ၏။
14:6 ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊
14:7 ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။
14:8 ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
14:9 ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။
14:10 ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။
14:11 ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေ ပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။
14:12 သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။
14:13 မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တစ်ဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊
14:14 ဤပြည်၌နေသောသူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ မိုးတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကိုလည်းကောင်း ကြားရကြပြီ။
14:15 ယခုမှာ၊ ဤလူမျိုးကို လူတစ်ယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သတင်းတော်ကိုကြားဖူးသော လူအမျိုးမျိုးတို့က၊
14:16 ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။
14:17 ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊
14:18 အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။
14:19 အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊
14:20 ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။
14:21 ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။
14:22 ငါ့ဘုန်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကိုလည်းကောင်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊
14:23 သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။
14:24 ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။
14:25 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့၌လှည့်လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။
14:26 တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
14:27 ငါ့ကိုအပြစ်တင်၍၊ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည်သည်းခံရအံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားတို့ကို ငါကြားရပြီ။
14:28 သင်သည် သူတို့အားဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှာ ပြောကြသော စကားအတိုင်း သင်တို့ကိုငါပြုမည်။
14:29 သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။
14:30 ငါသည် ဤမည်သောပြည်၌ သင်တို့ကိုနေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သားကာလက်၊ နုန်၏သားယောရှုမှတစ်ပါး အဘယ်သူမျှ မရောက်ရ။
14:31 ရန်သူလုယူရာဖြစ်လိမ့်မည်ဟု သင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။
14:32 သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
14:33 ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်းအပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။
14:34 ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။
14:35 အကယ်စင်စစ် ငါ့တစ်ဖက်၌စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြေပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရားမိန့်တော်မူ၏။
14:36 မောရှေစေလွှတ်သောအခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ပြန်လာသောအခါ၊ ထိုပြည်ကိုကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်း မြည်တမ်းစေခြင်းငှာ တိုက်တွန်းသောသူ၊
14:37 ခါနာန်ပြည်ကို မကောင်းသောသတင်း ကြားပြောသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။
14:38 ထိုပြည်ကိုစူးစမ်း၍ သွားသောလူတို့တွင် နုန်၏သားယောရှုနှင့် ယေဖုန္န၏သားကာလက်တို့သာ အသက်ချမ်းသာရကြ၏။
14:39 မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက် နေကြ၏။
14:40 နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
14:41 မောရှေက၊ ထာဝရဘုရား၏အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံ မထမြောက်ရ။
14:42 မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။
14:43 အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟု ဆိုသော်လည်း၊
14:44 သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တစ်ဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင်သို့မထွက်မသွားဘဲ နေလေ၏။
14:45 ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။