Numbers 15
15:1 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
15:2 သင်တို့နေရာဖြစ်သော ငါပေးသောပြည်သို့ ရောက်၍နေကြသောအခါ
15:3 သစ္စာကတိရှိ၍ ပူဇော်သော်လည်းကောင်း၊ အလိုလိုပူဇော်သော်လည်းကောင်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်လည်းကောင်း၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွားအားဖြင့် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ကိုပြုခြင်းငှာ အလိုရှိလျှင်၊
15:4 ထာဝရဘုရားအား ပူဇော်သကာကိုပြုသောသူသည်၊ သိုးသငယ်ကိုပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
15:5 ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သကာကို ဆီသုံးလောဃရောသော မုန့်ညက်တစ်ဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည် သုံးလောဃကိုလည်းကောင်း ပြင်ဆင်၍ဆောင်ခဲ့ရမည်။
15:6 သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
15:7 ဘောဇဉ်ပူဇော်သကာဖို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
15:8 ထာဝရဘုရားအားမီးရှို့ရာယဇ်၊ သစ္စာကတိရှိ၍ပူဇော်သောယဇ်၊ မိတ်သဟာယယဇ်ဖို့ နွားကိုပြင်ဆင်လျှင်၊
15:9 မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
15:10 နွားနှင့်တကွ ဘောဇဉ်ပူဇော်သကာဖို့ ဆီခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်ခြောက်လောဃကိုလည်းကောင်း ဆောင်ခဲ့ရမည်။
15:11 နွားတစ်ကောင်၊ သိုးတစ်ကောင်၊ သိုးသငယ်တစ်ကောင်၊ ဆိတ်သငယ်တစ်ကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
15:12 ပြင်ဆင်သော သိုးနွားအရေအတွက်သို့လိုက်၍၊ တစ်ကောင်တစ်ကောင်ကို ထိုသို့ပြုရမည်။
15:13 ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
15:14 သင်တို့တွင် တည်းခိုသောတစ်ပါးအမျိုးသားဖြစ်စေ၊ အခြားတစ်ပါးသောသူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ အလိုရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်းပြုရမည်။
15:15 ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တစ်ပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
15:16 သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားတို့သည် တစ်ပါးတည်းသောတရား၊ တစ်ပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
15:17 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
15:18 ငါပို့ဆောင်သောပြည်သို့ သင်တို့သည်ရောက်၍၊
15:19 ထိုပြည်၌ဖြစ်သော မုန့်ကိုစားကြသောအခါ၊ ထာဝရဘုရားအားချီမြှောက်ရာ ပူဇော်သကာကို ဆက်ရမည်။
15:20 အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။
15:21 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာပူဇော်သကာကို ထာဝရဘုရားအား ဆက်ရကြမည်။
15:22 ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ထားတော်မူသောပညတ်၊
15:23 သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတ္တံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
15:24 ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။
15:25 ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကိုပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ပြစ်မှားသောကြောင့်၊ ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သောအပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရကြမည်။
15:26 ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော်လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းကိုလည်းကောင်း၊ သူတို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားကိုလည်းကောင်း ထိုအပြစ်မှလွှတ်ရလိမ့်မည်။
15:27 လူတစ်စုံတစ်ယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာယဇ်ဖို့ အခါလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။
15:28 ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှားမိသောထိုသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကိုပြုရသဖြင့် ထိုအပြစ်ကိုလွှတ်ရလိမ့်မည်။
15:29 ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ပြစ်မှားသောအခါ၊ တစ်ပါးတည်းသော တရားကိုစောင့်ရကြမည်။
15:30 ဣသရေလအမျိုးသားဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
15:31 ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
15:32 ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တစ်နေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတစ်ယောက်ကို တွေ့လေ၏။
15:33 တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။
15:34 သူ၏အမှုကိုစီရင်ရာလမ်း မထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။
15:35 ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့် ပစ်ရကြမည်ဟု မောရှေအားမိန့်တော်မူ၍၊
15:36 ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။
15:37 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
15:38 သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။
15:39 ထိုပန်းပွားတို့ကို သင်တို့သည်ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့၍ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့လိုက်လျက်၊ ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်မမှီဝဲ၊
15:40 ငါပညတ်သမျှတို့ကို အောက်မေ့၍ကျင့်သဖြင့်၊ သင်တို့ဘုရားသခင်အဖို့ သန့်ရှင်းမည်အကြောင်း ထိုသို့ပြုရမည်။
15:41 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။