Numbers 22
22:1 တစ်ဖန် ဣသရေလအမျိုးသားတို့သည်ခရီးသွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ တဲဆောက်ကြ၏။
22:2 အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံးစုံကို၊ ဇိဖော်သား ဗာလက်မင်းသိမြင်လျှင်၊
22:3 ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊
22:4 နွားသည် မြက်ပင်ကိုလှမ်း၍စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ရှိသမျှကို လှမ်း၍စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖော်သားဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊
22:5 အမ္မုန်ပြည်၌စီးသော မြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှာ၊ သံတမန်တို့ကိုစေလွှတ်၍၊ အဲဂုတ္တုပြည်မှရောက်လာသော လူတစ်မျိုးသည် မြေမျက်နှာကိုဖုံးလွှမ်းလျက် ငါ့အနား၌နေရာချကြပြီ။
22:6 သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက်အားကြီးသောကြောင့် သူတို့ကို ငါ့အဖို့ကျိန်ဆဲပါ။ သို့ပြုလျှင် သူတို့ကိုငါတိုက်၍ ငါ့ပြည်မှနှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာခံရသည်ကိုလည်းကောင်း၊ ကိုယ်တော်ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူ ဖြစ်သည်ကိုလည်းကောင်းငါသိသည်ဟု မှာလိုက်လေ၏။
22:7 မောဘပြည်သားအသက်ကြီးသူတို့နှင့် မိဒျန်ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင်ပါလျက် သွား၍၊ ဗာလမ်ထံသို့ရောက်သောအခါ၊ ဗာလက်မင်းစကားကို ကြားလျှောက်လေ၏။
22:8 ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။
22:9 ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ သင်၌ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူလျှင်၊
22:10 ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖော်သားဗာလက်သည် အကျွန်ုပ်ဆီသို့ လူကိုစေလွှတ်၍၊
22:11 အဲဂုတ္တုပြည်မှ ရောက်လာသောလူအများသည်၊ မြေမျက်နှာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကိုငါတိုက်၍ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အားလျှောက်ဆို၏။
22:12 ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့်အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်းချီးမင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ်အားမိန့်တော်မူ၏။
22:13 နံနက်ရောက်မှ၊ ဗာလမ်သည်ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြောလေ၏။
22:14 ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက်မင်းထံသို့ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူမလိုက်လိုပါဟု လျှောက်ကြ၏။
22:15 တစ်ဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေအတွက်အားဖြင့်များ၍ အရာအားဖြင့် ဘုန်းကြီးသောမှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊
22:16 သူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ ဇိဖော်သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့မလာမည်အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။
22:17 ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
22:18 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစ်စုံတစ်ခုကိုမျှ ငါမပြုနိုင်။
22:19 သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ထပ်၍မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။
22:20 ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှာလာလျှင်၊ သူတို့နှင့်အတူ ထ၍လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှအတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။
22:21 နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။
22:22 ထိုသို့လိုက်သောကြောင့်၊ ဘုရားသခင်အမျက်တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဆီးတားခြင်းငှာ လမ်း၌ရပ်နေ၏။ ထိုအခါ ဗာလမ်သည် မြည်းကိုစီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ်တွင်၊
22:23 ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှာ ရိုက်လေ၏။
22:24 ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တစ်ဖန်ရပ်နေ၏။
22:25 ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်းသည်မြင်ပြန်သောအခါ၊ စောင်ရန်းတစ်ဖက်၌တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တစ်ဖန်ရိုက်ပြန်လေ၏။
22:26 ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတစ်ဖက်ဖက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။
22:27 မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝှေးနှင့် မြည်းကိုရိုက်လေ၏။
22:28 ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
22:29 ဗာလမ်က၊ သင်သည် ငါ့ကိုကျီစားပါသည်တကား။ ငါ၌ဓားရှိပါစေသော။ ဓားရှိလျှင် သင့်ကိုယခုသတ်မည်ဟု မြည်းအားဆို၏။
22:30 မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တစ်ခါမျှ ဤသို့ငါပြုဖူးသလောဟု ဗာလမ်အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
22:31 ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည်မြင်သဖြင့် ဦးချ၍ပျပ်ဝပ်လေ၏။
22:32 ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့်ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့်၊ သင့်ကိုဆီးတားခြင်းငှာ ငါထွက်လာပြီ။
22:33 မြည်းသည်ငါ့ကိုမြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကိုအသက်ချမ်းသာပေးလေပြီဟု ဆို၏။
22:34 ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါမည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားဆိုလျှင်၊
22:35 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့်အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
22:36 ဗာလမ်ရောက်သောသတင်းကို ဗာလက်မင်းကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှာ၊ မောဘပြည်စွန် အာနုန်ချောင်းနားမှာရှိသော မြို့တစ်မြို့သို့ထွက်သွား၏။
22:37 ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊
22:38 ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည်စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါမည်ဟု ပြန်ပြောပြီးမှ၊
22:39 ဗာလက်မင်းနှင့်အတူလိုက်၍ ကိရယဿုဇုတ်မြို့သို့ ရောက်ကြ၏။
22:40 ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကိုပူဇော်၍ ဗာလမ်နှင့် အရာရှိတို့အားပေးလိုက်လေ၏။
22:41 နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကိုခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင်ပြခြင်းငှာ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။