Numbers 21
21:1 ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။
21:2 ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာကတိပြုလေ၏။
21:3 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
21:4 ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
21:5 သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
21:6 ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။
21:7 ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။
21:8 ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
21:9 မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။
21:10 တစ်ဖန် ဣသရေလအမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။
21:11 ဩဗုတ်အရပ်မှပြောင်းပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင်ရှိသောတောမှာ၊ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။
21:12 ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စခန်းချကြ၏။
21:13 ထိုအရပ်မှတစ်ဖန် ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့်စပ်သော တော၌ရှိသော အာနုန်ချောင်းနားတစ်ဖက်တစ်ချက်၌ စခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြား အပိုင်းအခြားဖြစ်သတည်း။
21:14 ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
21:15 အာရပြည်သို့စီး၍ မောဘပြည်အနား၌ လျှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
21:16 အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကိုစုဝေးစေလော့၊ ရေကိုငါပေးမည်ဟု မောရှေအားမိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ်သတည်း။
21:17 ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီချင်းဆိုကြလော့။
21:18 တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကိုတူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝှေးတို့နှင့် ရေတွင်းကိုတူးကြပြီဟု သီချင်းဆိုလေ၏။
21:19 ထိုတောမှ မတ္တနာအရပ်သို့လည်းကောင်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊
21:20 ဗာမုတ်အရပ်မှ မောဘချိုင့်သို့လည်းကောင်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့လည်းကောင်း ခရီးသွားကြ၏။
21:21 ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာမောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကိုစေလွှတ်လျက်၊
21:22 အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာသို့လည်းကောင်း၊ စပျစ်ဥယျာဉ်သို့လည်းကောင်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မီတိုင်အောင်၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
21:23 ထိုပြည်အလယ်၌ လျှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကို ဆီးတားခြင်းငှာ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
21:24 ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်လည်းကောင်း၊ ထိုမင်းပိုင်သောမြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာနယ်စပ်ကား အားကြီး၏။
21:25 ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကို သိမ်းယူ၍နေကြ၏။
21:26 ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသော အာမောရိရှင်ဘုရင်ရှိဟုန်မင်းနေသောမြို့ဖြစ်သတည်း။
21:27 ထိုအကြောင်းကိုရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့သွား၍ တစ်ဖန်တည်ကြစို့။ ရှိဟုန်ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
21:28 ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသောမင်းတို့ကို လောင်လေပြီ။
21:29 အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသောမိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။
21:30 တစ်ဖန်ငါတို့သည် အာမောရိသားတို့ကို တိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင် ပျက်လေပြီ။ မေဒဘမြို့နှင့်နီးစပ်သော နောဖာမြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
21:31 ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိပြည်၌ နေရကြ၏။
21:32 မောရှေသည်လည်း၊ ယာဇာမြို့ကိုစူးစမ်းခြင်းငှာ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကိုသိမ်းယူ၍ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
21:33 တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။
21:34 ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကိုလည်းကောင်း၊ သူ၏မြေကိုလည်းကောင်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်းပြုရမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
21:35 ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တစ်ယောက်မျှမကြွင်းလုပ်ကြံ၍ သူ၏ပြည်ကိုသိမ်းယူကြ၏။