Numbers 24
24:1 ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းချီးပေးခြင်းငှာ အလိုရှိတော်မူကြောင်းကို ဗာလမ်သိမြင်လျှင်၊ ထူးဆန်းသောအတတ်ကိုရှာခြင်းငှာ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့မျက်နှာပြုလေ၏။
24:2 သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလအမျိုးသားတို့သည် အမျိုးအနွယ်အလိုက် အသီးအသီးတပ်ချလျက်နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်တော်မူလျှင်၊
24:3 သူသည် ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊
24:4 ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြားသောသူ၏စကားဟူမူကား၊
24:5 အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြသည်တကား။
24:6 ကျယ်ဝန်းသောချိုင့်များ၊ မြစ်နားမှာရှိသောဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသောအကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊
24:7 ထိုအမျိုး၏ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက်သော နိုင်ငံဖြစ်လိမ့်မည်။
24:8 ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက်ဝါး၍၊ အရိုးတို့ကိုချိုးဖဲ့လိမ့်မည်။ မြားဖြင့်ထုတ်ချင်းခပ်အောင်ခွင်းလိမ့်မည်။
24:9 ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကိုကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကိုခံရသည်ဟု မြွက်ဆို၏။
24:10 ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကိုငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ ကောင်းချီးပေးလေပြီတကား။
24:11 ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကိုချီးမြှောက်မည်ဟု အထက်ကငါအကြံရှိ။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေခြင်းငှာ ဆီးတားလေပြီဟု ဆို၏။
24:12 ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
24:13 ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစ်စုံတစ်ခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။
24:14 ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊
24:15 ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
24:16 ဘဝင်ဖြစ်၍မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသောဘုရားပေးတော်မူသော ဉာဏ်ကိုရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြားသောသူ၏စကားဟူမူကား၊
24:17 ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသောအချိန်မနီးသေး။ ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ် ရုန်းရင်းခတ်ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
24:18 ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလအမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။
24:19 အစိုးရသောသူတစ်ပါးသည်၊ ယာကုပ်အမျိုးထဲကထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့်မည်ဟု မြွက်ဆို၏။
24:20 တစ်ဖန် အာမလက်ပြည်ကိုကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုးသည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဖူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
24:21 တစ်ဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့နေရာသည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကိုလုပ်ကြပြီ။
24:22 သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍မသွားမီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။
24:23 တစ်ဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင်စီရင်တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာရလိမ့်မည်နည်း။
24:24 သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍အာရှုရိပြည်ကိုလည်းကောင်း၊ ဟေဗာပြည်ကိုလည်းကောင်း နှောင့်ယှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
24:25 ဗာလမ်သည်ထ၍ မိမိနေရာအရပ်သို့ပြန်သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။