Numbers 25
25:1 ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။
25:2 ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။
25:3 ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရားသည် အမျက်ထွက်တော်မူ၏။
25:4 ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှလွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကိုခေါ်၍၊ ပြစ်မှားသောသူတို့ကို ဘုရားရှေ့မှာထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအားမိန့်တော်မူ၏။
25:5 မောရှေသည် ဣသရေလမင်းတို့ကိုခေါ်၍၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့အသီးအသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
25:6 ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည်၊ မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
25:7 ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊
25:8 ထိုဣသရေလလူကို တဲအတွင်းသို့လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်လည်းကောင်း၊ မိန်းမကိုဝမ်းပေါက်အောင်လည်းကောင်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
25:9 ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်းလေးထောင် ရှိသတည်း။
25:10 ထာဝရဘုရားကလည်း၊ ငါသည်အမျက်ထွက်၍ ဣသရေလအမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား၊ ဧလာဇာ၏သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌စိတ်အားကြီး၍ ငါ့အမျက်ကိုသူတို့မှလွှဲပြီ။
25:12 သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။
25:13 သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး၍ ဣသရေလအမျိုးသားတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော ပဋိညာဉ်ကိုရပြီဟု မောရှေအားမိန့်တော်မူ၏။
25:14 မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏အမည်ကား၊ ရှိမောင်အမျိုး၌ထင်ရှားသော အဆွေအမျိုးတွင် အကဲအမှူးသာလု၏သား ဇိမရိဖြစ်သတည်း။
25:15 အသေသတ်ခြင်းကိုခံရသော မိဒျန်မိန်းမအမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသောအဆွေအမျိုးတွင် အကဲအမှူးဇုရ၏သမီး ကောဇဘိဖြစ်သတည်း။
25:16 ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ယှက်၍ လုပ်ကြံကြလော့။
25:17 အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရားအမှု၌လည်းကောင်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကိုခံရသော သူတို့နှမ မိဒျန်မင်းသမီးကောဇဘိအမှု၌လည်းကောင်း၊ သင်တို့ကိုပရိယာယ်များအားဖြင့် လှည့်စားနှောင့်ယှက်ကြပြီဟု မောရှေအားမိန့်တော်မူ၏။