Numbers 30
30:1 တစ်ဖန် ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
30:2 လူယောက်ျားသည် ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကိုပြုသော်လည်းကောင်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
30:3 မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊
30:4 ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို အဘသည်ကြားလျက် တိတ်ဆိတ်စွာနေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
30:5 သို့မဟုတ် အဘသည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
30:6 မိန်းမသည် လင်ရှိလျက်၊ သစ္စာကတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊
30:7 လင်သည်ကြားလျှင်လည်းကောင်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
30:8 သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
30:9 လင်သေသောမိန်းမ၊ လင်နှင့်ကွာသောမိန်းမသည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာကတိအလုံးစုံတို့သည် တည်ရကြမည်။
30:10 လင်အိမ်၌ရှိစဉ်အခါ၊ သစ္စာကတိပြုသော်လည်းကောင်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်လည်းကောင်း၊
30:11 လင်သည်ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာကတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
30:12 သို့မဟုတ် လင်သည်ကြားသောနေ့၌ ရှင်းရှင်းပယ်ဖျက်လျှင်၊ သစ္စာကတိနှင့်လည်းကောင်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်လည်းကောင်း ဆိုင်သောစကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
30:13 ခပ်သိမ်းသောသစ္စာကတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သောအခွင့် ရှိ၏။
30:14 လင်သည် တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာကတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။
30:15 ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှာပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။
30:16 ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌လည်းကောင်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား၌လည်းကောင်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။