Numbers 31
31:1 တစ်ဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ်အလျောက် ဣသရေလအမျိုးသားဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု မောရှေအားမိန့်တော်မူ၏။
31:3 မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကိုကိုင်လျက်၊ မိဒျန်အမျိုးသားတို့သို့စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
31:4 ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်မျိုးထဲက၊ လူတစ်ထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊
31:5 ဣသရေလအမျိုးသား အထောင်အသောင်းတို့တွင် တစ်မျိုးတစ်မျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တစ်ထောင်စီ၊ လူပေါင်းတစ်သောင်းနှစ်ထောင်ကိုအပ်၍၊
31:6 မောရှေသည်ထိုသူတို့ကိုလည်းကောင်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကိုလည်းကောင်း စစ်ချီစေ၏။
31:7 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကိုတိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
31:8 အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီးငါးပါးပါကြ၏။ ဗောရသားဗာလမ်ကိုလည်း ဓားနှင့်သတ်ကြ၏။
31:9 ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွားအစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
31:10 မိဒျန်အမျိုးသားတို့နေသော မြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
31:11 ဖမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာအလုံးစုံတို့ကို သိမ်းသွား၍၊
31:12 မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
31:13 မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ထွက်သွားကြ၏။
31:14 မောရှေသည် စစ်တိုက်ရာမှပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
31:15 သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ်ကြောင့် အသက်ရှင်စေကြသနည်း။
31:16 ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည်တကား။
31:17 ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံဖူးသော မိန်းမအပေါင်းကိုလည်းကောင်း၊ သတ်ကြလော့။
31:18 ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းမငယ်အပေါင်းတို့ကို၊ မိမိတို့အဖို့ အသက်ချမ်းသာပေးကြလော့။
31:19 သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရကြမည်။ လူကိုသတ်သောသူ၊ အသေကောင်ကိုထိသောသူ အပေါင်းတို့ကိုယ်ကိုလည်းကောင်း၊ သိမ်းယူသောသူတို့ကိုလည်းကောင်း တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေကြလော့။
31:20 သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့်ရက်သောအရာ၊ သစ်သားဖြင့်လုပ်သောအရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထားလေ၏။
31:21 ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက်သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားဟူမူကား၊
31:22 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲအစရှိသော၊
31:23 မီးကိုခံနိုင်သော အရာရှိသမျှတို့ကို မီးအလယ်၌သွားစေသဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သော အရာရှိသမျှတို့ကို ရေအလယ်၌သွားစေရမည်။
31:24 သတ္တမနေ့၌ မိမိအဝတ်ကိုလျှော်ပြီးမှ၊ စင်ကြယ်ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
31:25 ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊
31:26 ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခုလက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊
31:27 ထက်ဝက်ခွဲပြီးလျှင် တစ်ဝက်ကိုစစ်မှုထမ်း၍ အတိုက်သွားသောသူတို့အားလည်းကောင်း၊ တစ်ဝက်ကို ပရိသတ်အပေါင်းတို့အားလည်းကောင်း ပေးဝေလော့။
31:28 စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရဘုရားအား ပေးရသောအခွန်ကိုခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်ငါးရာတွင် တစ်ကောင်ကို ကောက်ယူပြီးလျှင်၊
31:29 သူတို့ခံရသော ထက်ဝက်အဖို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာ ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
31:30 ဣသရေလအမျိုးသားခံရသော ထက်ဝက်အဖို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုးအကောင်ငါးဆယ်တို့တွင် တစ်ကောင်ကိုကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကိုစောင့်သော လေဝိသားတို့အားပေးရမည်ဟု၊
31:31 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ပြုလေ၏။
31:32 စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်းသော ဥစ္စာပေါင်းကား သိုးခြောက်သိန်းခုနစ်သောင်းငါးထောင်၊
31:33 နွားခုနစ်သောင်းနှစ်ထောင်၊
31:34 မြည်းခြောက်သောင်းတစ်ထောင်
31:35 ယောက်ျားနှင့် မဆက်ဆံဖူးသောမိန်းမ သုံးသောင်းနှစ်ထောင် ရှိသတည်း။
31:36 စစ်တိုက်သွားသောသူတို့ခံရသော ထက်ဝက်အဖို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
31:37 ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက်ရာခုနစ်ဆယ်ငါးကောင်တည်း။
31:38 နွားသုံးသောင်းခြောက်ထောင် ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသောအခွန်ကား၊ နွားခုနစ်ဆယ်နှစ်ကောင်တည်း။
31:39 မြည်းသုံးသောင်းငါးရာ ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသောအခွန်ကား၊ မြည်းခြောက်ဆယ်တစ်ကောင်တည်း။
31:40 လူတစ်သောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသောအခွန်ကား၊ လူသုံးဆယ်နှစ်ယောက်တည်း။
31:41 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာအခွန်ကို ယဇ်ပုရောဟိတ်ဧလာဇာအား အပ်ပေးလေ၏။
31:42 တစ်ဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
31:43 ပရိသတ်တို့ခံရသော ထက်ဝက်အဖို့ကား၊ သိုးသုံးသိန်းသုံးသောင်းခုနစ်ထောင်ငါးရာ၊
31:44 နွားသုံးသောင်းခြောက်ထောင်၊
31:45 မြည်းသုံးသောင်းငါးရာ၊
31:46 လူတစ်သောင်းခြောက်ထောင် ရှိသည်ဖြစ်၍
31:47 ဣသရေလအမျိုးသားခံရသော ထက်ဝက်အဖို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တစ်ကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏တဲတော်ကိုစောင့်သော လေဝိသားတို့အားပေး၏။ ထိုသို့ ထာဝရဘုရားမှာထားတော်မူ၏။
31:48 လူတစ်ရာ၊ တစ်ထောင်ကိုအုပ်သောတပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ချဉ်းကပ်၍၊
31:49 ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကို စာရင်းယူပြန်၍၊ လူတစ်ယောက်မျှ မလျော့ပါ။
31:50 ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက်အဖိုးကိုဖြေဖို့ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက် ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊
31:51 မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
31:52 ထိုသို့စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဖို့သိမ်းယူ၍၊
31:53 တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရားအားပူဇော်သော ရွှေချိန်ပေါင်းကား၊ တစ်ရာခြောက်ဆယ်ခုနစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။
31:54 တပ်မှူးများ၊ ဗိုလ်များပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားအောက်မေ့တော်မူဖို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထားကြ၏။